မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းသိမ်း တိုက်ပွဲတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီရဲများ အားလုံးကို ဖမ်းဆီးရမိကြောင်း ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၃ရက်နံနက်က မင်းရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ် (၁/၇/၁၁/၁၂/၁၄/၁၉)တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)၊နယ်မြေခံ ပကဖ တို့ပူးပေါင်းကာ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး၊ ၁၁ ဦး လက်နက်ချခဲ့ကာ၊ ငါးဦးမှာ ထွက် ပြေးသွားခဲ့ခြင်းဖြစ်သည်။
“ထွက်ပြေးသွားတဲ့ ရခတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တစ်ယောက်မကျန်အားလုံးဖမ်းဆီးရမိပါပြီ”ဟု အထက်ပါတာဝန်ရှိသူက ၎င်း၏လူမှုကွန်ယက်၌ ရေးသားထားသည်။
ယောဒေသအတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် ယခုချိန်တွင် လက်နက်ချ အလင်းဝင်ပါကလူ့ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့်ရမည်ဖြစ်ကြောင်းလည်း ၎င်းက အသိပေးသည်။
မင်းရွာရဲစခန်းသိမ်းတိုက်ပွဲ၌ G-3 သေနတ် (၁၁) လက်၊ G-4 သေနတ် တစ်လက်၊ MA-1 သေနတ် တစ်လက်MA- 3 သေနတ်(၁)လက်၊ MA-4 သေနတ် တစ်လက်၊ ခြောက်လုံးပြူးသေနတ် ၂လက်နှင့် ကျည်ခဲယမ်းများ ၊ အခြားပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ၊ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးသည်။