မကွေးတိုင်း၊ မင်းလှမြို့နယ်က လူငယ်တွေကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး လက်နက်ပါတပ်ဆင်ပေးမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေကို စည်းရုံးခိုင်းနေတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်မှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူခဲ့ကာ တရွာလျှင် လူငယ် ၁၀ ဦးကနေ ၁၅ ဦးအထိကို စစ်သင်တန်းတက်ရောက်ဖို့ စာရင်းပေးရမယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
“အခုလို လုပ်တာကို လူငယ်တွေအနေနဲ့ နားလည်သူများတယ်ပေ့ါ။၊ ဒါ အသေခံခိုင်းတာ
စစ်ကောင်စီက သူတို့အကျိုးစီးပွားနဲ့ မတရားလုယူထားတဲ့ နေရာကိုကာကွယ်နိုင်ဖို့အတွက် ဆိုတာကိုပေါ့” လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ရန်ကြီးအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီတပ်က ကျေးရွာတွေမှာ နေထိုင်ကြတဲ့ လူငယ်တွေကို စစ်သင်တန်းပေးဖို့ဆိုပြီး မဲစနစ်နဲ့စီစဥ်ခဲ့ရာ မဲပေါက်တဲ့ကျေးရွာက လူငယ်တွေဟာ စစ်သင်တန်းမတက်ဘဲ ထိုင်း၊ မလေး၊ တရုတ်ဘက်တွေကို ထွက်ပြေးခဲ့ကြရတယ်လို့ တာဝန်ခံ ကိုရန်ကြီးအောင်က ပြောပါတယ်။
“အရင်ကလည်းစီစဉ်ခဲ့ဖူးတယ် မအောင်မြင်ဘူး။ စကစက သတင်းအမှားတွေနဲ့ လိမ်ညာပြီး ညစ်ပတ်ယုတ်မာနေတာကို တနိုင်ငံလုံးမှာ မြင်တွေ့နေကြတယ် ဆိုတော့ သူတို့ ဒီအစီအစဉ်ကို လက်မခံလောက်ဘူးလို့ သုံးသပ်တယ်” လို့ ဆိုပါတယ်။
အခုလို စစ်သင်တန်းတက်ရမယ်ဆိုပြီး စစ်ကောင်စီက စီစဥ်နေတာကြောင့် မီးလောင်ကုန်းရွာ၊ လက်ပံတခါးရွာ၊ ရှမ်းတပ်၊ ပေတောရွာ၊ ကန်ကျောစတဲ့ ကျေးရွာတွေက လူငယ်တွေဟာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
မင်းလှမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ လူငယ်တွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လိမ်လည်လှည့်ဖြားကာ အသေခံ၊ အသုံးချခံအဖြစ် ပြုလုပ်မယ့် အဆိုပါစစ်သင်တန်းကို လုံးဝ(လုံးဝ) မတက်ရောက်ကြရန်၊ စစ်ကောင်စီလုပ်ဆောင်တဲ့ ဘယ်ကိစ္စတွေမှာမဆို ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရန်နဲ့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သူတွေကို ထိရောက်ပြတ်သားစွာ အရေးယူဆောင်ရွက်သွားမယ် ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်မှာ မြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။