ပဲခူးတိုင်း ၊ မင်းလှမြို့နယ်မှာ အကြမ်းဖက်စစ်သားများ တပ်ချိန်းပြီး စီးနင်းလိုက်ပါလာတဲ့ ဖောကား ၁ စီးကို သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တပ်ခွဲ ၅ မှ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက် ဖောကား ၁ စီးအား သြဂုတ် ၁၃ နေ့လည် ၁၁ နာရီမှာ မင်းလှမြို့နယ်၊ စိန်ကန့်လန့် – မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်တနေရာမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ စောင့်ကြိုပစ်ခတ်ရာ ဆီတိုင်ကီထိမှန်ခဲ့ တယ်လို့ ပြောပါတယ်။
အထက်ပါ စောင့်ကြိုပစ်ခတ်မှုအရ ရန်သူတပ်သား ၁ ဦးသေဆုံး နိုင်ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူများပြားနိုင်ကြောင်း အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်မှ လက်ပစ်ဗုံး ၁ လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး၊ ကားကိုအမြန်မောင်းနှင် ထွက်ခွာသွားရာ၊ အဆိုပါ ဗုံးမှာ လမ်းပေါ်မှာ ကျရောက်ပေါက်ကွဲပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ စစ်ဆင်ရေး နယ်မြေမှာ ပါဝင်တဲ့ ပဲခူးရိုးမနဲ့ ထိဆက်မြို့နယ်တွေဖြစ်တဲ့ လက်ပံတန်းမြို့နယ် ၊ မင်းလှမြို့နယ်၊အုတ်ဖိုမြို့နယ် တို့မှာ ခရီးသွားပြည်သူများအနေနဲ့ အကြမ်းဖက် စစ်ကောင်စီ မော်တော်ယာဥ်များအနီး သွားလာနေထိုင်ခြင်း မပြုရန်၊ သြဂုတ် ၆ ရက်နေ့မှစတင်ကာ ကြိုတင် အသိပေး၊အကြောင်းကြားထားခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။