အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည်ဟု စွပ်စွဲတိုင်ကြားခံရသော ဒုဗိုလ် ချုပ်ကြီး ၁ ဦးနှင့် ကြံ့ဖွတ်ပါတီ၏ အရေးပါသူတချို့လည်း အဂတိလိုက်စားမှုများဖြင့် အမှုဖွင့် ဖမ်းဆီးခံရသည်ဆိုသော သတင်းများ ရရှိထားပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုချက်ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။
မင်းအောင်လှိုင်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုအပေါ် စစ်အရာရှိဟောင်းကြီးများ၏ စကား၀ိုင်းတွင် ဝေဖန်ပြောဆိုခဲ့သော ဒုဗိုလ်ချုပ်ကြီးဟောင်းမြင့်လှိုင်ကို ဧပြီလ ၉ ရက်နေ့တွင် လယ်မြေသိမ်းဆည်းမှု၊ မြေယာအလွဲသုံးစားမှုများဖြင့် စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးခဲ့ပြီး အဆိုပါ စကား၀ိုင်း၏ နောက်ဆက်တွဲ လက်ရှိ ဒုဗိုလ်ချုပ်ကြီး ၁ ဦးနှင့် အငြိမ်းစား စစ်အရာရှိလည်းဖြစ်၊ ကြံ့ဖွတ်ပါတီတွင်လည်း အရေးပါသူတချို့ပါ အဂတိလိုက်စားမှုများဖြင့် အမှုဖွင့် ဖမ်းဆီးခံရ သည်ဆိုသော သတင်းပေးပို့မှုများရရှိထားခြင်းဖြစ်သည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် ဖမ်းဆီးခံရသည်ဆိုသော ဒုတိယဗိုလ်ချုပ်ကြီး၏ အမည်နှင့် ကြံ့ဖွတ်ပါတီမှ အရေးပါသူ စစ်အရာရှိဟောင်း၏ အမည်ကို ရရှိထားသော်လည်း အတည်ပြုချက်ရရှိရန် ကြိုးစားနေဆဲဖြစ်၍ အမည်များကို ထုတ်ပြန်ရေးသားရန် အခက်အခဲဖြစ်နေသည်။
စစ်အာဏာရှင်ဟောင်း သန်းရွှေ လက်ထက်တွင် ထိပ်တန်း ဗိုလ်ချုပ်များဖြစ်ခဲ့ကြသည့် စစ်အရာရှိဟောင်းကြီးများအကြားတွင် မင်းအောင်လှိုင်၏ လုပ်ကိုင်ပုံများ မှားယွင်းနေ၍ နိုင်ငံတော်နှင့် တပ်မတော်ပြိုကွဲတော့မည်ဆိုသော အမြင်သဘောထား မျှဝေမှုများကို စကား၀ိုင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုမှု များရှိလာကြောင်း၊ တိုင်းပြည်ခက်ခဲနေချိန် အကြမ်းဖက်မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့၏ စီးပွားရေး အင်ပါယာ ချဲ့ထွင် သောင်းကျန်းနေမှုများကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ဝန်ကြီးဌာနဆိုင်ရာ ဒုဝန်ကြီး တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်တစ်ဦး ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရရာ အဆိုပါ ဖမ်းဆီးမှုများမှာလည်း မင်းအောင် လှိုင်ကို ဖြုတ်ချရန် ကြံစည်သည်ဆိုသော စွပ်စွဲမှုများနှင့် ပတ်သက်ဆက်နွယ်ဖွယ်ရှိကြောင်း သိရှိရသည်။