အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ စစ်ရှုံးပြီး စစ်မနိုင်တော့သည့် အချိန်တွင် အပြစ်မဲ့ ပြည်သူနှင့် လူငယ်များကို ဖမ်းဆီးသတ်ဖြတ် ညစ်လုံးဖြင့် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေးလိုက်သည်။
ရက္ခိုင့်တပ်တော် AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ၎င်း၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထိုသို့ သတိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ကြိုးစားမှု့ကိုလေးစားပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့က သေချာပေါက် ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်း ပီသအောင် ကြိုးစားခြင်းကသာ သင်တို့ရဲ့ တစ်ခုတည်းသော အကောင်းဆုံးရွေးချယ် စရာဖြစ်ပါလိမ့်မယ်”ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားထားသည်။
ထို့အပြင် တပ်အချင်းချင်းတိုက်မနိုင်မှုကြောင့် မည်သည့် လက်နက်မှမရှိသော အပြစ်မဲ့ပြည်သူ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနှင့် ဆက်ပြီးလက်နက်အားကိုး မိုက်တွင်း မနက်ရန် ဆက်လက် သတိပေးထားသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “တပ်အချင်းချင်းတိုက်မနိုင်လို့ ဘာလက်နက်မှမရှိတဲ့ အပြစ်မဲ့ပြည်သူ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီးလက်နက်အားကိုး မိုက်တွင်းနက်နေအုံးမယ်ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီး မြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထား ခဲ့သင့်ပါတယ်”ဟု ဆက်လက် ရေးသားထားသည်။
ရခိုင်ပြည်နှင့် ပြည်မများကို စစ်ကောင်စီတပ်က ရေလမ်း၊ ကုန်လမ်းများ အားလုံးကို ပိတ်ဆို့ထားပြီး အင်တာနက် ဖုန်းလိုင်းများကိုလည်း ပိတ်ပင်ထားကာ ရခိုင်ပြည်အတွင်းက လူငယ်တစ်ချို့နှင့် ပြည်မဘက်မှ ရခိုင်လူငယ်တစ်ချို့ကို ဆက်တိုက်ဖမ်းဆီးမှုများ လုပ်ဆောင်လာနေသည်။
ထို့အပြင် ရခိုင်ပြည်အတွင်းက တစ်မြို့နှင့် တစ်မြို့ကို သွားလာခွင့် စစ်ကောင်စီက ပိတ်ပင်ထားပြီး ကျေးလက်ဒေသများမှ ဈေးရောင်းချရန်လာသည့် ပြည်သူများကို ဖမ်းဆီးကာ တစ်ချို့ကို ပြန်လွှတ်ပေးသော်လည်း တစ်ချို့ကို လက်ရှိအချိန်အထိ ပုဒ်မများတပ်ကာ တရားစွဲထားသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများနှင့် ပြည်သူလူထုနေထိုင်သည့် မြို့ပြနှင့် ကျေးလက်ဒေသများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေကြောင်းဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူများမှာ နေ့စဉ်ရက်ဆက် သေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများ ရှိနေသည်။
ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ တောင်ပြိုမြို့များကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကိုလည်း ဆက်လက် တိုက်ခိုက် သိမ်းပိုက်သွားမည် ဖြစ်ကြောင်း AA က ဆိုသည်။