အကြမ်းဖက် မင်းအောင်လှိုင် ခန့်ထားသည့် စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ဟားခါးမြို့ နေအိမ်ကို ချင်းတော်လှန်ရေးတပ်က ပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူလိုက်ကြောင်း CDF-Hakha က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် စစ်ကောင်စီနှင့်လက်တွဲပူပေါင်းရုံမျှမက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ ဟားခါးမြို့ရှိ မြို့တော်ခန်းမတွင် ပြည်သူများကို စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ရန် စည်းရုံးခဲ့ကြောင်း၊ ထို့ကြောင့် ဟားခါးမြို့ ၊ ဆပ်သာလမ်း (Sakta Lam) ရှိသူ၏ နေအိမ်ကို ပြည်သူ ပိုင် အဖြစ်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါက်တာမှုထန်၏ နေအိမ်ကို တော်လှန် ရေး ကာလအတွင်း လိုအပ်သလိုအသုံးပြုသွားမည်ဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာမှုထန်သည် အကြမ်းဖက်စစ်ကောင်စီ၏ အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မင်းအောင်လှိုင်က ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။