ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ် အကျဉ်းထောင်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မွေးနေ့ အဖြစ် မနေ့က အကျဉ်းသား၊ အကျဉ်းသူ ၁၀၇ ဦးကို အထူးလျှော့ရက်တွေ ပေးခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဘူးလို့ ရှမ်းနိုင်ကျဉ်းတွေကို ကူညီနေသူ တစ်ဦးက ဒီကနေ့ ဇူလိုင်လ ၅ ရက်မှာ ပြောပါတယ်။
မိုင်းဆက် အကျဉ်းထောင်မှာ မနေ့က (က) အဆင့် ၇၃ ဦး၊ (ခ) အဆင့် ၂၇ ဦး၊ (ဂ)အဆင့် ၇ ဦး စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၁၀၇ ဦးတို့ကို အထူးလျှော့ရက် ခံစားခွင့်ပြုခဲ့ပေမဲ့ ရှမ်းနိုင်ကျဉ်းတွေ ပါမလာတာလို့ သူကပြောပါတယ်။
“ဒီတိုင်း ပြောလို့ကောင်းအောင် ပြတာပါ။ မင်းအောင်လှိုင်က သူ့မွေးနေ့မှာ ဒီတိုင်း လူထင်ကြီးမလား လုပ်တာ ဆိုတော့ သူ့ကို ဆန့်ကျင်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါတာ မထူးဆန်းပါဘူး။ နှစ်ဆန်းတစ်ရက်နေ့က ပြန်လွှတ်တဲ့ထဲတောင် နိုင်ကျဉ်းမှ မပါတာ” လို့ သူကပြောပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းနိုင်ငံရေး သမားတွေနဲ့ တက်ကြွလှုပ်ရှားသူ အများစုကို ဆက်တိုက် ဖမ်းဆီးခဲ့ရာ လက်ရှိ ၂ နှစ်ကျော် ကြာတဲ့အထိ လျှော့ရက် မပေးသလို လွတ်ငြိမ်းနဲ့ ပြန်မလွှတ်ဘဲ ရှမ်းပြည်နယ်အတွင်းက အကျဉ်းထောင်တွေမှာ ဆက်လက် ချုပ်နှောင်ထားဆဲ ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ မနေ့က ဇူလိုင်လ ၄ ရက်မှာ ထုတ်ပြန်ထားတဲ့ စစ်တမ်းအရ စစ်ကောင်စီက နိုင်ငံတစ်ဝန်း နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ တက်ကြွလှုပ်ရှားသူပေါင်း ၁၉,၃၀၀ ကျော်ကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူတွေထဲက ၆,၇၀၀ ဝန်းကျင်ကို ထောင်ဒဏ်တွေ ချမှတ်ထားကာ ၁၅၇ ဦးကို သေဒဏ်ချမှတ်ထားတယ်လို့ သိရပါတယ်။