မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ချိန်က စလို့ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုတွေ ယခင်ကာလများ ထက် ပိုမိုဖြစ်ပွားလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က စက်တင်ဘာ ၁၄ ရက် (ဒီနေ့) ရက်စွဲ နဲ့ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်သယ် ဆောင်ရောင်းဝယ်မှုများက ယခင်ကာလများထက် ပိုမိုဖြစ်ပွားလာခဲ့တယ်ဆိုတာနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအဖြစ် အိမ်နီးချင်းနိုင်ငံတွေအထိပါ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများ အန္တရာယ်ကြီးမားကျယ်ပြန့်လာခဲ့တာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် လူသားတို့အား အညွန့်တုံးစေနိုင်တဲ့ မူးယစ် ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ရဲ့ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးကို တော်လှန်ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ထားတယ်ဆိုတာနဲ့ မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားတဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ (၁၉၉၃)နဲ့ ယင်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ(၂၀၁၈) ပါ ပြဌာန်းချက်များနဲ့အညီ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို လိုအပ်တဲ့ယန္တရားများဖွဲ့စည်းပြီး ကုလသမဂ္ဂကွန်ဗင်းရှင်းဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအ ဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများ၊ မဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွား မှာဖြစ်တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ ပါဝင်မှုက များစွာအရေးကြီးအတွက် ပြည်သူများအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။