ပုလောမြို့အခြေစိုက် ခလရ (၂၈၅)တပ်ရင်းက စစ်ကောင်စီတပ်သားတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကျင်းပနေတဲ့ ဒီကနေ့ မနက်ပိုင်းမှာ မကျည်းကုန်းရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PRDF)ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
စစ်ဆေးရေးဂိတ်ဟာ ပုလောမြို့နယ်၊ မကျည်းကုန်းရွာမှာရှိတာ ဖြစ်ပြီး မင်္ဂလာဆောင်တဲ့နေအိမ်၊ ခလရ(၂၈၅) တပ်ရင်းတို့နဲ့ ကပ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။
“မင်္ဂလာလက်ဖွဲ့အနေနဲ့ မကျည်းကုန်းဂိတ်နားကနေဝင်ပစ်တာ။ ဂိတ်ကရော တပ်ရင်းထဲကပါ စက်သေနတ်တွေနဲ့ပစ်ထုတ်တယ်” လို့ PRDF အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
မင်္ဂလာသတို့သားက ခလရ (၂၈၅)တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီးစာရေးဖြစ်ပြီး တပ်ရင်းအနီးရှိ နေအိမ်ကအမျိုးသမီးတစ်ဦးနဲ့ မင်္ဂလာဆောင်တာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူထံက သိရတယ်။
ဂိတ်စခန်းကို မနက် ၇ နာရီခွဲအချိန်လောက်က ဝင်ပစ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုနာရီဝက်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ပွဲပြီးပြီး နောက်တစ်နာရီလောက်ထိ စစ်ကောင်စီတပ်ဘက်က စက်သေနတ်နဲ့ ရမ်းသန်းပစ်ခတ်တာတွေ ဆက်လက် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PRDF)ဟာ အခုလ ၂၀ ရက်နေ့ကလည်း နန်းတောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။