အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်မှစတင်ပြီး မတရားဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေး အကျဥ်းသားများကို အကျဥ်းဦးစီးဌာနက ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ဆေးဝါးကုသခွင့်မပေးခြင်း ၊ညှဥ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက်က နှစ်ကုန် အစီရင် ခံစာအဖြစ် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၃ ခုနှစ် အစီရင်ခံစာအရ ထောင်တွင်း ဥပဒေမဲ့ အသတ်ခံရသူ ၁၈ ဦး၊ ဆေးဝါးစောင့်ရှောက်မှု မရရှိတဲ့အတွက် သေဆုံး နိုင်ငံရေး အကျဥ်းသား ၁၆ ဦး၊ ညှဥ်းပန်နှိပ်စက်ခံရသူ ၇၁၁ ဦး၊ ထောင်ပြောင်း ရွှေ့ခံရတဲ့ နိုင်ကျဥ်း ၈၈၃ ဦး၊ တိုက်ပိတ်ခံရတဲ့ နိုင်ကျဥ်း ၂၁၈ ဦး၊ ကလေး မွေးဖွားကာစ နိုင်ကျဥ်းမိခင် ၁၅ ဦး တို့ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ အစီရင်ခံစာမှာ ပါရှိတဲ့ အချက်အလက်များမှာ မြန်မာ နိုင်ငံလုံးဆိုင်ရာအကျဥ်းသားများကွန်ရက်မှ ချိတ်ဆက် ရရှိထားတဲ့ တနိုင်ငံလုံးရှိ အကျဥ်းထောင် (၃၆)ထောင်မှ ရရှိထားတဲ့ စာရင်းသာ ဖြစ်ပြီး၊မြေပြင်အခြေအနေမှာ လူ့အခွင့်အရေးချိုးဖောက်မှု အခု ထက်ပိုမိုများပြားနိုင်တယ်လို့လည်း ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျဥ်းသားများမှာ ဥပဒေမဲ့စတင်ဖမ်းဆီးချိန်၊ စစ်ကြောရေးစခန်းများ၊ အကျဥ်းထောင်များအတွင်း လူ့ဂုဏ်သိက္ခာ ကိုထိခိုက်စေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံနေကြရတယ်လို့ ဖော်ပြချက်မှာပါရှိ ထားပါတယ်။