ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီတပ်က မြို့အဝင်/အထွက်ကို ဆက်လက်ပိတ်ဆိုမှုကြောင့် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော နေအိမ်များပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သည့် အိမ်ဆောက်ပစ္စည်းများဝယ်ယူရန် ဒေသခံများအခက်ကြုံနေကြကြောင်းသိရသည်။
မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က မုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုမရှိသည့်အပြင် မုန်တိုင်းအလွန်ပြည်သူများဒုက္ခရောက်နေချိန် မြို့အဝင်/အထွက်ကိုဆက်လက်ပိတ်ပင်နေဆဲဟု ဒေသခံများပြောသည်။
“မုန်တိုင်းကြောင့် နေအိမ်တွေ ရွာလုံးကျွတ်နီးပါးပျက်စီးကုန်ပြီဆိုတော့ အစားထိုးမယ့် သွပ်တွေမရှိတော့ဘူး။ မြို့ပေါ်မှာတော့ သွပ်ရိုးရိုးတစ်ချပ်ကို နှစ်သောင်းလို့ သိရပါတယ်။ ဒါပေမယ့် ဝယ်မယ်ဆိုလည်း သွားဝယ်လို့မရပြန်ဘူး”ဟု ထီစောင်းရွာဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပျက်စီးသွားသော နေအိမ်များကို ပြန်လည်ပြုပြင်ရန် အိမ်ဆောက်ပစ္စည်းများအရေးပေါ်လိုအပ်နေပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများကလည်း လာရောက်ကွင်းဆင်းကြည့်ရှု့ခြင်းမရှိကြောင်းသိရသည်။
“တချို့အိမ်က ဘာတစ်ခုမှ မကျန်အောင် ပျက်စီးသွားပါတယ်။ ပြန်လည်ပြုပြင်ဖို့လည်း အိမ်ဆောက်ပစ္စည်းမရှိတော့လောလောဆယ်မှာ ဘေးအိမ်တွေမှာပဲ ပြောင်းနေကြတယ်”ဟု ဖနိုင်ရွာ၊ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
မတူပီမြို့နယ်ရှိ ကျေရွာအများစုသည် နိုင်ငံရေးအခြေအနေကြောင့် မီဇိုးရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပြည်သူတချို့သာ ကျေးရွာများတွင် နေထိုင်လျက်ရှိသည်။
ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းလည်း လာရောက်ကူညီခြင်းမရှိသည့်အတွက် ဒေသခံများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် အပျက်အစီးများကို ရှင်းလင်းပြုပြင်နေကြကြောင်းဒေသခံများထံမှ သိရသည်။
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သောချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နှင့် ဟားခါးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီက မေလ ၁၆ ရက်နေ့တွင် ကြေညာခဲ့ကြောင်းသိရသည်။