ချင်းပြည်နယ် မတူပီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ချင်းညီနောင်(Chin Brotherhood)က သတင်းထုတ်ပြန်သည်။
မတူပီမြို့သိမ်းတိုက်ပွဲ စတင်သည့် ဇွန်လ ၁၇ ရက်တွင် စစ်ကောင်စီ၏ အမှတ်(၃၀၄)ခြေမြန်တပ်ရင်းကို သိမ်းပိုက်ခဲ့ပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းရှိ အကြီးဆုံးဖြစ်သည့် စစ်ဗျူဟာနှင့် အမှတ်(၁၄ဝ) ခြေလျင်တပ်ရင်းတို့ကို ယနေ့(ဇွန်လ ၂၉ရက်)တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ကာ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အာရက္ခတပ်တော်(AA)၊ Yaw Army (YA) နှင့် Yaw Defense Force (YDF) တို့ပူးပေါင်းကာ မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့ကြောင်း အသိပေးဖော်ပြသည်။
ချင်းညီနောင်သည် မဟာမိတ်အင်အားစုများနှင့်ပူးပေါင်းကာ ၂၀၂၄ ခုနှစ်တွင် ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ရေး” စစ်ရေးရည်မှန်းချက်နှင့်အညီ မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်နေကြောင်း သိရသည်။
ချင်းညီနောင်သည် ချင်းပြည်နယ်ရှိ မြို့နယ်များအတွင်း ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်သည်။