ချင်းပြည်နယ် မတူပီမြို့နယ် မှာ ဇူလိုင်လ ၈ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံ အမျိုးသား ၂ ဦး ခြေတဖက်စီပြတ်ခဲ့သလို ကျန်တစ်ဦးမှာ ဒဏ်ရာအနည်းငယ် ရခဲ့ကာ မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို အိန္ဒိယဘက်မှာ ဆေးကုသဖို့ ပြင်နေတယ်လို့သိရပါတယ်။
မတူပီမြို့နယ် ဝလံတဲရွာအစွန် ဘောလုံးကွင်းမှ ဒေသခံ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ပြီး ဘယ်ခြေတစ်ဖက်ပြတ်ခဲ့သလို ကုလားရွာအဝင်လမ်း ရွာဟောင်းလမ်းပေါ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲခဲ့လို့ ဆိုင်ကယ်စီးနင်းလာတဲ့ ဒေသခံ အမျိုးသား၂ ဦးထဲက တစ်ဦးဟာ ဘယ်ခြေတစ်ဖက်ပြတ်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၃ နှစ်အတွင်း ချင်းပြည်နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ချင်းလူမျိုး ၃၆ ဦးသေဆုံးခဲ့ရပြီး၊၆၆ ဦးဟာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ မှတ်တမ်းအရ သိရပါတယ်။