ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထယ်ဘွေး စစ်ကောင်စီတပ်စခန်းကို CDF/CNDF ချင်းတော်လှန်ရေးတပ်များက တစ်ရက်ကြာ တိုက်ခိုက်ပြီးနောက် ယနေ့ အပြီးသတ်သိမ်းပိုက်ရရှိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး ယင်း ထယ်ဘွေးစစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်စခန်းသည် အခိုင်အမာ ကတုတ်ကျင်းများနှင့် ခံစစ်ပြင်ထားသော စခန်းဖြစ်ပြီး ခက်ခက်ခဲခဲ တိုက်ခိုက် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စခန်းကို သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ၊ သိမ်းပိုက်ရရှိသော စစ်တပ်စခန်းတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ အလံလွှင့်ထူထားကြောင်း သိရှိရသည်။
“အသေးစိတ် ဘာတွေ ရတယ်။ စစ်တပ်ဘက်က အသေအဆုံး ဘယ်လောက်ရှိတယ်ဆိုတာတွေက စိစစ်နေတုန်းပါ။ အဲဒါတွေ တရားဝင် ထုတ်ပြန်ပါလိမ့်မယ်” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်သဖြင့် ထယ်ဘွေး စခန်းအနီးရှိ ဗန်ကိုင်းကျေးရွာမှ ပြည်သူ တချို့သေဆုံးခဲ့ရပြီး နေအိမ်များလည်း ပျက်စီးခဲ့ရကြောင်း၊ သေဆုံးသည့် ပြည်သူများ၏ အမည်များနှင့် ပျက်စီးသွားသော နေအိမ်အရေအတွက်ကို အသေးစိတ်စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။