မန္တလေးတိုင်း၊မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က PDF ရဲဘော် ၁ ဦး နှင့် ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
မတ်လ ၂၀ ရက် နံနက် ၅ နာရီခန့်က မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ညောင်ပင်သာကျေးရွာကို စီးနင်းဝင်ရောက်ခဲ့သည်။
ထို့နောက် ကျေးရွာရှိ မတ္တရာမြို့နယ် တိုက်နယ် ၅ ပကဖအဖွဲ့မှ အသက်(၂၅)အရွယ် ရဲဘော် ၁ ဦးနှင့် အသက်(၆၀)အရွယ် ပြည်သူ အမျိုးသား ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံကိုဘိုတောက်က ပြောသည်။
“နယ်မြေရှင်းလင်းရေးပုံစံမျိုးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာ။ အဲရွာကို အရင်ကလည်း မကြာခဏစစ်ကြောင်းထိုးဝင်ရောက်ဖူးတာတော့ ရှိတယ်။တိုက်ပွဲဖြစ်ပွားတာ၊ မိုင်းဆွဲတာမရှိဘူး။”ဟု မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံကိုဘိုတောက် ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် နံနက်(၈)နာရီခန့်တွင် ရှားစေးချက်(ကြီး) ကျေးရွာကိုပါဝင်ရောက်စီးနင်းပြီးနေအိမ် ၁၄ လုံး နှင့် ဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းကလည်း မတ္တရာမြို့နယ်၊ ရွေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့၍ ကလေးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦး ဒဏ်ရာရပြီး ပရဟိတအသင်းရုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
တော်လှန်ရေးအားကောင်းသော မတ္တရာမြို့နယ်သည် စစ်တပ်၏ စစ်ကြောင်းထိုးအကြမ်းဖက်ဖျက်ဆီးမှုများမကြာခဏခဲ့ရပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ စစ်တပ်က ပိုမိုအရှိန်မြှင့်၍ ပြင်းထန်စွာ ဖိနှိပ်နေသည်။