မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇွန် ၁၂ရက်က ဒရုန်း အသုံးပြု ဗုံးသီးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင် ဒရုန်းတပ်ဖွဲ့၊ ရတနာပုံ တပ်ဦးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မတ္တရာမြို့နယ်က ထွက်လာတဲ့ အဲဒီအကြမ်းဖက် စစ်ကြောင်းဟာ တောပုရွာဘုန်းကြီး ကျောင်းဝန်းအတွင်း တပ်စွဲနေစဥ် ဇွန် ၁၂ရက် မနက် ၇ နာရီ ၂၃ မိနစ် မှာ Fixed Wings ဒရုန်း နဲ့ဗုံးသီး တလုံး စတင် ခြိမ်းခြောက်တိုက်ခိုက်ခဲ့တာပါ။
တောပုရွာမှာ လက်နက်ကြီး အထိုင်ချပြီး အနောက်ဘက် ကျေးရွာတွေကို လက်နက်ကြီးပစ်ကူနဲ့ စစ်ကြောင်းထိုးကာ၊ ပြည်သူ့ နေအိမ်က ပစ္စည်းတွေကို ခိုးယူဖျက်စီးဖို့ လုပ်ဆောင်နေစဥ် ၊ နယ်မြေခံ ပကဖ တပ်ရင်း၊တပ်ဖွဲ့များရဲ့ ညွှန်ကြားချက်အရ နေ့လည် ၁၁ နာရီမှာ တကြိမ်၊ ၁၁ နာရီ ၄၅ မိနစ်မှာ တကြိမ် နှစ်ကြိမ် ဗုံးသီးချ ခြိမ်းခြောက်တိုက်ခိုက်ခဲ့တာပါ။
ဒါ့အပြင် ငယ်တိုး သဖန်းဒေါင့်ဘက်မှာ တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း နဲ့ တောပုရွာအနောက်ကို ဆင်းသွားတဲ့ ရန်သူစစ်သားတွေဟာ ရှင်လတောင်ရွာရှိ ဒေသခံအိမ်တွေကို မီးတင်ရှို့ကာ၊ ပစ္စည်း၊ ဆိုင်ကယ်တွေကို ခိုးယူပြီး၊ မူလအထိုင်စခန်းကို ပြန်အခေါက် ကြိုတင်နေရာယူထားတဲ့ PDF ပူးပေါင်းအဖွဲ့နဲ့ မိနစ် ၂၀ ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ထိတွေ့ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပြီး အကြမ်းဖက်စစ်ကြောင်းဟာ မူလ အထိုင် ဘုန်းကြီး ကျောင်းဝန်းကို ပြန်အရောက်မှာ ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ တလုံးမှာ ပစ်မှတ်ကိုတိကျစွာ ကျရောက်ခဲ့ပြီး၊ ရန်သူ တပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ပြင်ဦးလွင် ခရိုင် ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နဲ့ မတ္တရာမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။