မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – မန္တလေး PDFက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိထားကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
မတ္တရာမြို့နယ်အတွင်းရှိ စခန်းသာ တပ်စခန်း ၊ ကျောက်မဏ္ဍပ် တပ်စခန်း ၊ စပါးကျည်တောင် တပ်စခန်း ၊ ကျောက်ကြမ်းတောင် တပ်စခန်း ၊ ငွေပုထိုး တပ်စခန်း ၊ ရှင်မတောင် တပ်စခန်း ၊ နဂါးပတ် တပ်စခန်း ၊ နွားခြံကုန်း တပ်စခန်း ၊ ဝန်တင်ကုန်း တပ်စခန်း ၊ လက်သန်းတောင် တပ်စခန်း ၊ ခြေတော်ရာ တပ်စခန်း ၊ ကိုရင်လေးတောင် တပ်စခန်း ၊ ကင်းရွာ တပ်စခန်း ၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း ၊ ရေနံ့သာ တိုးဂိတ် ၊ ရေနံ့သာ ရဲစခန်း နှင့် ပတ်လည်အင်း တပ်စခန်းတို့အပါအဝင် ရန်သူ့တပ်စခန်း ၂၅ ခုထိ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
စစ်ဆင်ရေးများအတွင်း ရန်သူ့ထံမှ (၁၂၀)မမ စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ဟုအသိပေးပြီး ဓာတ်ပုံမှတ်တမ်းများကို ပြသခဲ့သည်။
ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်မှုများ ရှိခဲ့သည်ဟုလည်း ထုတ်ပြန်သည်။
စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ လက်နက်ချ ပြည်သူ့ရင်ခွင် ခိုလှုံရန် မန္တလေး PDFက ဇူလိုင် ၅ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် အလင်းဝင်မှုများ ရှိလာခဲ့ခြင်းလည်းဖြစ်သည်။
မန္တလေး PDFသည် စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်စခန်းများ နှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိထားသည်။
မတ္တရာမြို့နယ်အတွင်းရှိ အမှတ်(၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်ကိုလည်း သိမ်းပိုက်ထားသည်။
မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့နှင့် SSTF တပ်ဖွဲ့တို့မှလည်းပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသည်ဟုလည်း အသိပေးထားသည်။