မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိပ်သာကျေးရွာသား နှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ၁၂ ရက်)နံနက် ၈နာရီခန့်က စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်၊ အင်းကုန်းရွာသို့ ဝင်ရောက်စီးနင်းပြီး ရွာသားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ ဆိပ်သာရွာ၌ သတ်ဖြတ်ခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ဓာတ်ဆီလောင်း မီးရှို့ရန်ပြင်ဆင်နေစဥ် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သိရသည်။
“နှစ်ယောက်က နှစ်ယောက်လုံး လက်ပြန်ကြိုးအတုပ်ခံထားရတယ်။ တစ်ယောက်ကိုတော့မျက်နှာနားလေး သေနတ်နဲ့ကပ်ပစ်သတ်သွားတယ်။ နောက်တစ်ယောက်ကတော့ ဝမ်းဗိုက်နဲ့ရင်ဘတ်တွေမှာ ဓားဒဏ်ရာအကြီးကြီးတွေ မွှန်းထားတာတွေ့ရတယ်။နောက်ထပ်လည်းရှိနိုင်သေးတယ်လို့ယူဆတယ်။”ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က ဆိပ်သာကျေးရွာရှိ နေအိမ်(၅)လုံးထက်မနည်း မီးရှို့သွားခဲ့ပြီး နွားတစ်ကောင်ကိုပါ သတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်မှာ ကျောက်တံတားကျေးရွာ၌ တပ်စွဲထားပြီး ကား သုံးစီးဖြင့် ပြန်ထွက်ချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နောက်ဆုံး Faw ကားတစ်စီး ထိမှန်ခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
မတ္တရာမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများကိုပါ ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်းကလည်း ဒေသခံပြည်သူ ၂၆ဦးအား ဖမ်းဆီးသတ်ဖြတ်ထားသည်။