မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အောက်တောင်ကိုင်းကျေးရွာ၌ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်စဥ် ပိတ်မိနေသော ပြည်သူများကို ကယ်ထုတ်ရန်လာသည့် PDF ရဲဘော် နှစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၅ နာရီခန့်က မတ္တရာမြို့ပေါ်နှင့် မြို့နယ်ရှိ ရွှေချောင်းကျေးရွာတို့မှ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှစ်ခုသည် အောက်တောင်ကိုင်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။
ထိုအချိန် ဒေသခံပြည်သူများပိတ်မိနေ၍ ကယ်ထုတ်ရန် ရောက်ရှိလာသော PDF ရဲဘော်နှစ်ဦးအား စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အောက်တောင်ကိုင်းမှာ ပြည်သူတွေပိတ်မိနေတဲ့အချိန် PDF ရဲဘော်နှစ်ဦးက သွားရောက်ကယ်ထုတ်နေတဲ့အချိန်မှာပဲ စကစတပ်နဲ့ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံရတဲ့အနေအထားရှိခဲ့တယ်”ဟု အထက်ပါတာဝန်ခံက ပြောသည်။
ရဲဘော်နှစ်ဦးနှင့်အတူ လက်လုပ်လေးလက် ဆုံးရှုံးခဲ့ကြောင်း၊ ၎င်းတို့၏ ရုပ် အလောင်းနှစ်လောင်းကိုလည်း ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက ဆောက်ချုံပေါက်ကျေးရွာရှိ နေအိမ် သုံးလုံး၊ ဟင်္သာကုန်းရွာရှိ နေအိမ် ခုနစ်လုံးကိုလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)ကလည်း မန္တလေးဆိပ်ကမ်းမှ ရေယာဥ်နှစ်စီးဖြင့် ဆန်တက်လာသော စစ်ကောင်စီတပ်သည် ဒေါင်းကျွန်းရွာရှိ နေအိမ် ငါးလုံး ၊ဒင်္ဂါးကျွန်းရွာရှိနေအိမ် ၁၀လုံး၊ ပဲမှော်စင် တစ်လုံးနှင့် တောင်သူတဲများအား မီးရှို့ဖျက်ဆီးသွားကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။
မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး နေအိမ်အများအပြားအား မီးရှို့ခြင်း၊ ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများအား စစ်တပ်က ကျူးလွန်လျက်ရှိသည်။