မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ကာ မတ္တရာမြို့နယ် မြောင်းဦးရွာမှာလာသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ကင်းရွာကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက် လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲသည် ၂ ရက်ဆက် ပြင်းထန်ခဲ့ပြီး ယနေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်သား ၄၀ ခန့်သည် စစ်မတိုက်လို၍ ထွက်ပြေးစဥ် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ယင်း စစ်သားများသည် မန်ကြီးကုန်းဘက်ကို ဆုတ်ခွာသွားပြီး တိုက်ပွဲများ ဖြစ်ပွားနေ၍ ဖြစ်စဥ်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“တိုက်ပွဲက ၁၃ ရက်နေ့က စဖြစ်တာလို့ သိရတယ်။ စစ်တပ်ဘက်က အယောက် ၃၀ သေတယ်လို့တော့ သတင်းကြားရတယ်။ စစ်ခွေးတွေက အင်အား တော်တော်များတယ် ၁၀၀၀ ဝန်းကျင်ရှိမယ် အခုလည်း စစ်ကား ၄ စီးနဲ့ အင်အား ထပ်ဖြည့်မယ်လို့ ကြားသိနေရတာ စစ်ခွေးတွေက မြောင်းဦးရွာကနေ အင်အား အလုံးအရင်းနဲ့ ကင်းရွာဘက်ကို ဝင်လာတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၁၁ ဦးကို ဖမ်းဆီးထားကြောင်း၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသောကြောင့် အောင်ချမ်းသာကျေးရွာ၊ မြောင်းဦးကျေးရွာ၊ ကင်းကျေးရွာ၊ မကျီးကုန်းကျေးရွာ ၊ လမိုင်းကျေးရွာ ၊ ဆီးဖြူပင်ရွာနှင့် တောင်ခေါင်းကျေးရွာရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ကင်းရွာအဝင် တောင်ဘက် ဘုန်းကြီးကျောင်း၌ အထိုင်ချထားကြောင်း သိရှိရသည်။