မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ရှမ်းမြောင်း ကျောက်မှုန့်စက်ရုံ ပိုင်ရှင်၏ မိခင်ဖြစ်သူ အပါအဝင် အလုပ်သမား ၆ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းများကို ယူဆောင်သွားကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်တွင် မတ္တရာမြို့ပေါ်မှ DC ကား ၁ စီးဖြင့် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသည် မတ္တရာမြို့နယ်၊ ပန်းယျရွာနှင့် လယ်ကောကြီးရွာ အကြားရှိ ရှမ်းမြောင်း ကျောက်မှုန့်စက်ရုံကို ရောက်ရှိလာပြီး စက်ရုံ ပိုင်ရှင်၏ မိခင်ဖြစ်သူ အပါအဝင် အလုပ်သမား ၆ ဦး ပစ်သတ်သွားကြောင်း သိရသည်။
“မနေက ည ၁၀ နာရီလောက်မှာ ကျွန်တော်တို့ မတ္တရာမြို့ထဲကနေပြီးမှ DC ကား ၁ စီး စစ်ကောင်စီ တပ်သား ၆ ဦးလောက်ပါမယ်။ မြောက်ဘက်ကို ကင်းထွက်တာလို့ သိရတယ်။ ကင်းထွက်တဲ့အချိန်မှာ ဘယ်လိုကြောင့် စက်ရုံထဲက ပြည်သူတွေကို သတ်သွားတယ် ဆိုတာမျိုးတော့ မသိရဘူး။ ဒါပေမယ့် ပြည်သူ ၆ ဦးကို သတ်သွားတယ်လို့ပဲ သိရသေးတယ်။ အသေးစိတ် အခြေအနေတော့ စုံစမ်းနေတုန်းပဲ” ဟု မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပစ်သတ်သွားသော ပြည်သူ ၆ ဦး၏ ရုပ်အလောင်းများကို မတ္တရာမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားတွေက လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။