မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဝါးလုံးပြွန်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၄၀ မမ ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ဝါးလုံးပြွန်ရွာ၌ တပ်စွဲထားသော အင်အား ၄ဝ ခန့်ရှိ အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့က ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် ပကဖ၊ မတ္တရာမြို့နယ် ပကဖ၊ ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်တွင်ရှိသော အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို အမည်မသိ တော်လှန်ရေး တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၄ နာရီကျော်ခန့်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်တွင်ရှိသော အကြမ်းဖက် စစ်တပ် ဂိတ်စခန်း တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မြို့ဝင်ဂိတ်များနှင့် မြို့ပေါ်နေရာတချို့ကို အကြမ်းဖက် စစ်တပ် စစ်ဆေးမှုများ တင်းကြပ်ကာ ကင်းလှည့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ အိမ်ရှေ့ပြင်မြို့ဝင်ဂိတ်သည် ခရီးသည်ယာဥ်များထံမှ စစ်ကြေးတောင်းခံခြင်း၊ အမျိုးသမီးများအားမဖွယ်မရာပြုလုပ်ခြင်း၊ ထောက်ခံစာမပါသော ခရီးသည်များကို ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။