မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကားပင်ကျေးရွာ အနီးရှိ PDF ကင်းစခန်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး တော်လှန်ရေး ရဲဘော် ၃ ဦးနှင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုဘိုတောက် က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် စကားပင်ကျေးရွာ အနီးရှိ PDF ကင်းစခန်းကို အင်းကြင်းမြိုင် တပ်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး တော်လှန်ရေး ရဲဘော် ၃ ဦးနှင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“၁၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်လောက်က အင်ကြင်းမြိုင် တပ်စခန်းကနေပြီး စကားပင် ကျေးရွာအနီးမှာရှိတဲ့ ကင်းစခန်းကို စစ်ကောင်စီ တပ်သားတွေက ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဖြစ်စဉ်မှာ ပြည်သူ ၅ ဦးနဲ့ ရဲဘော် ၃ ဦးကို သတ်ဖြတ်သွားတာပါ။ ပြည်သူ ၅ ဦးမှာ ၃ ဦးကတော့ စကားပင်ကျေးရွာကပေါ့။ အဲ ၃ ဦးမှာ အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၂ ဦးနဲ့ အသက် ၁၅ နှစ်အရွယ် ကလေး ၁ ဦးတို့ ပါဝင်တယ်” ဟု မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုဘိုတောက် က ပြောဆိုသည်။
တော်လှန်ရေး ရဲဘော် ၃ ဦး ညဘက် ကင်းစောင့်နေစဉ် အကြမ်းဖက် စစ်တပ် သတင်းပေးများက တိုင်ကြားခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသ ပြည်သူများက ပြောဆိုသည်။