မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ ဇူလိုင်လ ၁၅ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်နေတယ်လို့ MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က မဲခေါင်သတင်းကို ပြောပါတယ်။
မတ္တရာမြို့နယ် စစ်ကောင်စီ လေကြောင်းကာကွယ်ရေး (၁၀၁၄) တပ် (အင်ကြင်းမြိုင်တပ်) ကို မန္တလေး PDF က ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“ကျွန်တော်တို့ဘက်က စတယ်လို့ ပြောလို့ရပါတယ်။ MDY PDF ကစပြီး အင်ကြင်းမြိုင်တပ်ကို ထိုးစစ်ဆင်တာပေါ့။ ဒီကနေ့ မနက်ပိုင်းက စပြီး လက်ရှိအချိန်ထိတော့ တိုက်ပွဲက ပြင်းထန်နေဆဲပဲ” လို့ ကိုအော်စမွန်က ရှင်းပြပါတယ်။
စစ်ကောင်စီဘက်က ခုခံနေတဲ့ အင်အား၊ တိုက်ပွဲ အခြေအနေတွေကိုတော့ လုံခြုံရေးအရ ထိန်ချန်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အရာရှိတွေ အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်ခန့်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။