မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ ကြံ့ဖွတ်ရုံးနှင့် စစ်သားများ လိုက်ပါသော ကား ၁ စီးကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် မတ္တရာမြို့ ကြံ့ဖွတ်ရုံးတွင် ကင်းလှည့်ရန် ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ကို မတ္တရာမြို့နယ် ပကဖ တောကျီးကန်းတပ်ဖွဲ့မှ လက်ပစ်ဗုံး ၁ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့သော တော်လှန်ရေး ရဲဘော်များနောက်ကို လိုက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၅ ဦးခန့်လိုက်ပါသော ကား ၁ စီးကို ည ၉ နာရီ ၂၀ မိနစ်ခန့် တွင် တောကျီးကန်းတပ်ဖွဲ့က မတ္တရာမြို့ အရှေ့ချောင်းဘောင်ပေါ်တွင် မိုင်း ၂လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာရရှိမှု များပြားကြောင်း သိရှိရသည်။
“စစ်ခွေး သေဆုံးစာရင်းကတော့ မသိရဘူး။ မိုင်းဆွဲ တိုက်ခိုက်မှုကတော့ စစ်ခွေးတွေ အထိအခိုက်များတယ်ပဲ သိရပါတယ်” ဟု မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။
ယင်းတိုက်ခိုက်မှုသည် ဂန့်ဂေါမြို့နယ်တွင် မီးရှို့သတ်ဖြတ် ခံရသော တော်လှန်ရေး ရဲဘော် ၂ ဦးအတွက် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ် ပကဖ တောကျီးကန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။