မန္တလေးမြို့ပေါ်နဲ့ ၂၈ မိုင်ခန့်သာဝေးတဲ့ မတ္တရာမြို့နယ် သဖန်းကိုင်းရွာထဲ မနေ့ ညပိုင်းက လက်နက်ကြီးကျလို့ ကလေး ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်းအရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ည ၈ နာရီခန့် မှာ သဖန်းကိုင်းရွာထဲ လက်နက်ကြီး ၃ လုံးကျပြီး အသက် ၉ နှစ်နဲ့ ၁၄ နှစ်အရွယ်ကလေး ၂ ဦး ၊ အသက် ၄၅ နှစ်အရွယ်အမျိုးသမီး တို့ နေရာမှာတင်သေဆုံးခဲ့ရတယ်လို့ မတ္တရာအခြေစိုက် နဂါးညီနောင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်ဘက်က အကြောင်းမဲ့ပစ်တာပါ” လို့ ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ နဂါးညီနောင်အဖွဲ့ရဲ့တာဝန်ရှိသူကဆိုပါတယ်။
မန္တလေး − မတ္တရာ ကားလမ်းဘေးက ကျောက်တံတားရွာမှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒီဇင်ဘာလ ၁၂ ရက် မနက်ပိုင်းက မန္တလေး PDF နဲ့ တအာင်းတပ်(TNAL)ပူးပေါင်းတပ်ရဲ့ ဝင်ရောက်တိုက်ခိုက်တာကိုခံရတဲ့အတွက် စစ်တပ်ဘက်က တုန့်ပြန်ပစ်ခတ်တာဖြစ်တယ်လို့ နဂါးညီနောင်အဖွဲ့ တာဝန်ရှိသူက မှတ်ချက်ပေးပါတယ်။
” ကျောက်တံတားက စစ်တပ်ကိုဝင်စီးခံရတာမှာမကျေနပ်လို့ လုပ်တဲ့သဘောပါပဲ ”လို့ နဂါးညီနောင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကျောက်တံတားရွာနဲ့ သဖန်းကိုင်းရွာဟာ ၆ မိုင်ခန့်သွာဝေးပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။
လက်ရှိမှာလည်း မတ္တရာမြို့အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေး တင်းမာ နေပါတယ်။