မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှဆည်တော်ကြီးဆည်ကို စစ်ကောင်စီက ကြိုတင်သတိမပေးဘဲ ဖောက်ချလိုက်၍ ဆည်အောက်ဘက်ကျေးရွာဒေသခံများ ညတွင်းချင်း ရေဘေးရှောင်နေရကြောင်း ဒေသခံများကပြောသည်။
“ညနေကဖောက်ချလိုက်တာ။ အခုည ရွာထဲရေဝင်လာပြီ။ တရားဝင်ကြိုမပြောဘူး။ နေ့ခင်း ၂နာရီလောက်ကမှ လူမှု
ရေးအဖွဲ့တွေကတဆင့် သိရတာ”ဟု မတ္တရာမြို့ ရေချောင်းရွာဒေသခံတစ်ဦးကယနေ့ (အောက်တိုဘာလ ၁၂ရက်)ည ၉နာရီခန့်တွင်ပြောသည်။
ဆည်တော်ကြီးဆည်ကို စစ်ကောင်စီက ကြိုတင်သတိပေးခြင်းမရှိဘဲ ဆည်ရေလွှတ်ချလိုက်၍ ဆည်အောက်ဖက်ရှိ ရေချောင်း၊ ဝေါ၊ ဝန်စုရွာနှင့်ရွာသစ်ရွာတို့တွင် ရေဝင်နေကြောင်း သတင်းရရှိသည်။
“လူတွေရော နွားတွေရော အိမ်မွေးတိရိစ္ဆာန်တွေပါ အကုန်ဒုက္ခရောက်ကုန်တာ” ဟုမတ္တရာမြို့ခံတစ်ဦးကပြောသည်။
ဆည်တော်ကြီးဆည်သည် ရေမလျှံသေးဘဲစစ်ကောင်စီက ပြည်သူလူထုအား ဒုက္ခပေးလို၍ တမင်ရေဖောက်ချခြင်းဖြစ်နိုင်သည်ဟုလည်းမြို့ခံအချို့ကပြောသည်။
ဆည်သည် ရေပြည့်အမှတ် ၄၁၉ဒဿမ ၅ပေဖြစ်ပြီး ယနေ့ နံနက် ၆နာရီတွင် ၄၁၆ ဒဿမ ၄ပေရှိသည်ဟုဆည်တော်ကြီးဆည်လူမှုကွန်ရက်စာမျက်နှာက ဖော်ပြထားသည်။ ဆည်ရေကို လိုအပ်သလိုထုတ်နေကြောင်းဖော်ပြထားသည်။ သို့သော် ဆည်ရေဖောက်ချမည့်သတိပေးချက်ကို ယင်းစာမျက်နှာ၌ ဖော်ပြမထားဘဲ လူမှုကူညီရေးအဖွဲ့များကသာ ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
မတ္တရာမြို့တွင် ယနေ့ မိုးကောင်းနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာနက မန္တလေးတိုင်းနှင့် မကွေးတိုင်း၌ ယနေ့ မိုးကြီးနိုင်ကြောင်း ကြိုတင်သတိပေးချက်ထုတ်ပြန်ထားသည်။