အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ်လအတွင်းမှာ အမှန်တကယ်အကူအညီ လိုအပ်နေသူများ ထံကို ကျပ် ၄၀၆ ဒသမ ၅ သန်းအထိ ကူညီထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ကျပ် ၄၀၆ ဒသမ ၅ သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၁၅၄,၂၀၀) ဦးရဲ့ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၂၉၀ဒဿမ၁) သန်း ၊ ထိတွေ့ တိုက်ပွဲများမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူ (၂၅၇) ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၃၈၈) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၄၆ဒသမ၈) သန်း၊ CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅ဒသမ၅) သန်း ၊ နိုင်ငံရေးအကျဉ်းသားများနဲ့ ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၁ဒသမ၃) သန်း၊ ပြည်သူများအတွက် စားနပ်ရိက္ခာကြိုတင်စီစဉ်မှုမှာ ငွေကျပ် (၉ဒသမ၈) သန်း နဲ့ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅၃ဒသမ၂) သန်း ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါအပြင် မီးရှို့ခံရတဲ့နေအိမ်များထဲမှ လုံခြုံစိတ်ချရတဲ့ နေရာမှာ ဆောက်လုပ်နိုင်တဲ့ နေအိမ် (၄၆) လုံးကို ယာယီတဲဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ တော်လှန်ရေးကာလ (၃) နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေတဲ့ ပြည်သူတစ်ဦးချင်းစီ တိုင်းရဲ့ လုပ်ဆောင်ချက်များ၊ ထားရှိတဲ့စိတ်ဓါတ်များကို လေးစားဂုဏ်ယူတယ်လို့လည်း အသိပေး ဖော်ပြထားပါတယ်။