တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် ယမန်နေ့ဖေဖော်ဝါရီလ ၂၇ ရက်က တစ်ရက်ထဲမှာ အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရတဲ့သူတွေဟာ ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ်မှာတင် စစ်ကားတွေနဲ့ လှည့်လည်သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ရမ်းသမ်းပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။
ကလေးမြို့ပေါ်အနီးနားတဝိုက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့သလို ယခုတစ်ပတ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ပြည်သူ ၇ ဦးအထိ သေဆုံးရပြီလို့လည်း သိရပါတယ်။
ကလေးမြို့ပတ်ဝန်းကျင်နဲ့ ကလေးမြို့အတွင်းကို စစ်ရေးအရှိန်အဟုန် တိုးမြင့်တိုက်ခိုက်သွားမှာဖြစ်လို့ မြို့တွင်းကနေ ပြည်သူတွေ အမြန်ဆုံးရှောင်ရှားကြဖို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေပိုမိုဖြစ်ပွားလာမှာကို ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်နေကြသလို တချို့က နီးစပ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်ကြတာတွေလည်း ရှိနေပါတယ်။