မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းတွေမှာ လမ်းပိတ်ပြီး နှစ်သစ်ကူးပွဲပြုလုပ်ဖို့ စစ်ကောင်စီ က စီစဉ်နေတယ်လို့ မြို့ခံတွေ ထံကနေ စုံစမ်းသိရပါတယ်။
နှစ်သစ်ကူးည ဖျော်ဖြေရေးပွဲကို ကျုံးတောင်ဘက်ခြမ်း ၆၆လမ်းနဲ့ ၂၆လမ်းထောင့်မှာ ပြုလုပ်မယ်လို့ မန္တလေးစည်ပင်က ကြေညာထားပါတယ်။
“ ပွဲလုပ်မယ့်နေရာက တစ်နေရာတည်းပေမယ့် ကျင်းပမယ့်နေရာနဲ့ ပတ်ပတ်လည်ကိုပိတ်လိုက်တာ သူတို့လုံခြုံရေးသူတို့ စိတ်မချဖြစ်နေကြတာ” လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။
နှစ်သစ်ကူးညမှာ ကျုံးအရှေ့ဘက်ခြမ်းရှိ ၂၄လမ်းနဲ့ ၆၆လမ်း၊ ကျုံးတောင်ဘက်ခြမ်းရှိ ၂၆လမ်းနဲ့ ၆၅လမ်း၊ ကျုံးတောင်ဘက်ခြမ်း ဘေးလမ်းဖြစ်တဲ့ ၂၇လမ်းနဲ့ ၆၆လမ်း၊ ၂၆လမ်းနဲ့ ၆၈လမ်းတွေကို ပိတ်ထားမယ်လို့သိရပါတယ်။
မန္တလေးနှစ်သစ်ကူးည စည်ကားဖို့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေကိုပါ လည်ပတ်ကြဖို့ ညွှန်ကြားတာရှိတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးည ပွဲတော်ကို စည်ပင်ရုံးရှေ့မှာသာကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ကျုံးဘေးမှာကျင်းပဖို့ စီစဉ်လာတာပါ။