မန္တလေးမြို့လည် ကျူံးဘေး လမ်း(၈၀)နဲ့ (၂၄)လမ်းထောင့်က မျက်စိအထူးကုဆေးခန်း ပိုင်ရှင် မိသားစုဝင် သုံးဦးကို စစ်အုပ်စုက အနိုင်ကျင့် ဖမ်းဆီးပြီးနောက် ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သြဂုတ်(၂၃)ရက် ဒီညနေ (၄)နာရီခွဲလောက်မှာ စစ်အုပ်စုနဲ့ ပျူတွေက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း(၈၀)နဲ့ (၈၁)လမ်းကြား၊ (၂၄)လမ်းပေါ်က မျက်မှန်နဲ့မျက်စိ အထူးကု ဆေးခန်းပိုင်ရှင် ဦးမြသန်း (မျက်စိ အထူးကု ဆရာဝန်ကြီး)၊ ဒေါ်မြင့်မြတ်ခိုင် (အဝေးသင် တွဲဖက်ပါမောက္ခ-CDM)နဲ့ မိသားစုဝင် အမျိုးသားတစ်ဦး တို့ကို အနိုင်ကျင့် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“ဆရာကြီးတို့ မိသားစုက မျက်လုံး အခမဲ့ ကုသရေး နေရာတွေမှာ အမြဲ အလှူလုပ်တယ် ။သူတို့ ဆေးခန်းဆိုလည်း စေတနာပါပါ ကုပေးတယ်။ တကယ် အေးအေးချမ်းချမ်း မိသားစုလေးပါ။ ဆရာမကြီးက CDM လုပ်ထားလို့ အငြှိုးနဲ့ ဖမ်းတာ ဖြစ်မယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက ချိတ်ပိတ်သွားတဲ့ ဆေးခန်းဟာလည်း ကျပ်သိန်းသောင်းချီ တန်ဘိုးရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီ အနိုင်ကျင့် ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး PDF တွေကို ထောက်ပံ့လို့ ဖမ်းတာ ဖြစ်တယ်လို့ စစ်အုပ်စုနဲ့ ပျူတွေက တယ်လီဂရန်မှာ သတင်းဖြန့်ပြီး အောင်ပွဲခံပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ယခုရက်ပိုင်း မန္တလေးမြို့ပေါ်က စီးပွားရေး လုပ်ငန်းရှင်တွေကို ဆက်တိုက် ဖမ်းဆီးကာ အိုးအိမ်တွေ ချိတ်ပိတ်နေတာ ဖြစ်ပြီး စစ်လော်ဘီတွေရဲ့ ခိုင်းစေချက်အတိုင်း လက်နက်ပြ အနိုင်ကျင့် ဖမ်းဆီးနေတာလို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်က စီးပွားရေး လုပ်ငန်းရှင် မိသားစုနဲ့ ဆွေမျိုးနီးစပ်သူတွေ အပါအဝင် အမျိုးသမီးလေးဦးကို ဖမ်းဆီးကာ မြို့လည်ကောင် လမ်း(၈၀)ပေါ်က ကျပ်သိန်းသောင်းချီတန် နေအိမ်ကို ချိတ်ပိတ်သိမ်းယူခဲ့သလို မဟာအောင်မြေမြို့နယ်က နာမည်ကျော် ကိုယ်ပိုင်ကျောင်း တစ်ကျောင်းက ကျောင်းတည်ထောင်သူနဲ့ ဆရာ၊ဆရာမတွေကို ဖမ်းဆီးပြီး မြို့လည်(၇၈)လမ်းက ကျောင်းကို ချိတ်ပိတ်သိမ်းယူခဲ့ပါသေးတယ်။
ယခု ဩဂုတ်လအတွင်း မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုက ဖမ်းဆီးတဲ့ ဒေသခံပြည်သူ (၃၀)ကျော်အထိ ရှိတယ်လို့ စစ်လော်ဘီတွေက အောင်ပွဲခံပါတယ်။