မန္တလေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကြား သြဂုတ် ၈ ရက်ကနေ ၉ ရက်အထိ ၃ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူစစ်တပ်က ၁၂ ဦးခန့် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ရုံးချုပ်က သြဂုတ် ၁၁ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
မြင်းခြံမြို့နယ်သို့ စစ်ကြောင်းထိုး ချီတက်လာတဲ့ အင်အား ၂၅ ဦးပါအကြမ်းဖက်စစ်ကြောင်းကို သြဂုတ် ၈ ရက် မနက် ၁၂ နာရီခန့်မှာ မြင်းခြံ ခရိုင် တပ်ရင်း ၅ နဲ့ MGN 35 ပြောက်ကျားတပ်ဖွဲ့က မကျီးစုရွာ နဲ့ ရွာသာယာရွာ ကြားမှာ အသင့်ထောင်ထားတဲ့ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရန်သူ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၊၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နွားထိုးကြီးမြို့နယ် ၊ မင်းစုံတောင် ဘေးမဲ့တော ရှောက်တောရိုးကွေ့ မှ မြစ်သားဘက်သို့ ကားမောင်းထွက် လာတဲ့ အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်ကား ၃ စီးအား သြဂုတ် ၉ ရက် ၊ မနက် ၈ နာရီ အချိန်ခန့်မှာ မြင်းခြံ ပကဖ နဲ့ နွားထိုးကြီး ပကဖ တို့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရန်သူတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး၊ ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
အထက်ပါ ဖြစ်စဥ်အပြီး ငါန်းဇွန်မြို့နယ်မှာလည်း ရေလယ်သောင်ရွာမှာ အင်အား ၇၀ဦးခန့်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ ရန်သူတပ်ဖွဲ့ကို သြဂုတ် ၉ ရက် မနက် ၁၁ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ ဝေဟင်မှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ကြောင့် ရန်သူ တပ်သား ၁ ဦးသေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူ များပြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။