မန္တလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ယာဥ်စစ်ဆေးဖမ်းဆီးသည့်အဖွဲ့က ရပ်ကွက်များအတွင်းအထိဆင်းကာ ဖမ်းဆီးငွေညှစ်နေကြောင်း မြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်လက်အောက်ခံ စစ်သား၊ ရဲနှင့် ယာဥ်ထိန်းများအဖွဲ့စုံပါဝင်သော ယာဥ်စစ်ဆေးရေးအဖွဲ့များသည် မြို့ပေါ်တွင်သာမက ရပ်ကွက်လမ်းကြားများအထိပါ လိုက်လံဖမ်းဆီးပြီး ငွေညှစ်နေကြောင်း မန္တလေးမြို့ခံများက ပြောသည်။
“မြောက်ပြင်ဘက်ဆို ရပ်ကွက်လမ်းကြားတွေထဲအထိ ဝင်ဖမ်းတာ။ ပိုက်ဆံမပါရင် သူတို့နဲ့ပိုင်တဲ့တစ်နေရာကိုသွားခိုင်းပြီး ပါတဲ့ဖုန်းတို့ဘာတို့ပေါင်ခိုင်းပြီး ပိုက်ဆံယူခိုင်းတာ။တအားဆိုးနေတယ်။”ဟု မန္တလေးမြောက်ပြင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အလားတူအခြားမြို့ခံတစ်ဦးကလည်း “တနေ့က ကိုယ့်ရပ်ကွက်ကြားထဲခဏရပ်ထားတာကို လိုင်စင်ပြဆိုပြီး လိုင်စင်မရှိလို့ငွေညှစ်သွားတယ်။”ဟု ပြောသည်။
ယာဥ်မောင်းလိုင်စင်နှင့် အဆိုပါယာဥ်လိုင်စင်ပြည့်စုံပါက နောက်ကြည့်မှန်၊ နံပါတ်ပြားများ ပါမပါစစ်ဆေးပြီး ဖမ်းဆီးငွေညှစ်ကာ ကျပ်သောင်းချီတောင်းရမ်းနေကြောင်း သိရသည်။
အဆိုပါ ယာဥ်စစ်ဆေးရေးအဖွဲ့သည် မန္တလေးမြို့ပေါ်တွင် တစ်ရက်လျှင် ၈ ဖွဲ့ထက်မနည်း နေရာပေါင်းစုံ၌ လှည့်လည်စစ်ဆေးငွေညှစ်နေကြောင်း သတင်းရရှိသည်။