စစ်ကောင်စီ၏ မန္တလေးမြို့အဝင်၊အထွက် မှတ်တမ်းတင် စောင့်ကြည့် CCTV ကင်မရာအထိုင်စက်အား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အောင်စည်တော် AST-MDY- ရွှေတောင်ပံ စစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။
မတ်လ ၇ရက် နံနက် ၈နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊၂၂လမ်းနှင့် ကန် ပတ်လမ်းပေါ်ရှိ CCTV Main Server အထိုင်ပုံးအား ဖောက်ခွဲဖျက်ဆီးခဲ့ရာ အသုံးပြု၍ မရသည်အထိ ဖောက်ခွဲနိုင်ခဲ့ကြောင်း AST-MDY- ရွှေတောင်ပံ စစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။
“၂၂နဲ့ ကန်ပတ်လမ်းအထိုင်က ရွှေကျင်တိုးဂိတ်ကို ထိန်းထားတာပါ။”ဟု ၎င်းက ရှင်းပြသည်။
ရွှေကျင်တိုးဂိတ်မှာ မန္တလေး-မတ္တရာလမ်းမကြီးပေါ်တွင်တည်ရှိပြီး တော်လှန်ရေးအားကောင်းနေသော စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမြောက် ခြမ်းတို့ရှိ ဒေသများနှင့် အဝင်၊ အထွက်ပြုရာဂိတ်တစ်ခု ဖြစ်သည်။
အလားတူ အခြားတစ်နေရာရှိ မန္တလေးမြို့အဝင်အား ထိန်းချုပ်ထားသော CCTV အထိုင်အား ဖောက်ခွဲရန် စီစဥ်ခဲ့သော်လည်း အထိုင်ပုံးပတ်လည်တွင် ပြည်သူများရှိနေ၍ စစ်ဆင်ရေးရုပ်သိမ်းခဲ့ကြောင်း AST-MDY- ရွှေတောင်ပံ စစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။
မန္တလေးမြို့အဝင်နေရာများအား စစ်တပ်က တင်းကြပ်စွာ ထိန်းချုပ်ထား၍ သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုအား ထိခိုက်စေလိုမှုမရှိဟု အောင်စည်တော်၏ ရွှေတောင်ပံစစ်ဆင်ရေး (မန္တလေး)က ထပ်မံအသိပေးသည်။
စစ်အုပ်စုကြီးစိုးနေသော မန္တလေးမြို့ပေါ်တွင် ပုံမှန်အနေအထားဖြင့် သွေးအေးမနေစေရန် အဓိကရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ရဲဘော်များသည် အချိန်အခါ အခွင့်အရေးအား စောင့်စားနေခြင်းသာဖြစ်ပြီး သွေးအေးသွားမည်မဟုတ်ဟု အောင်စည်တော်၏ ရွှေတောင်ပံစစ်ဆင်ရေး (မန္တလေး)က ထုတ်ပြန်ထားသည်။