မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံဖော်ထုတ်နိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်တစ်ရပ် ချမှတ်ကာ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့(ဇူလိုင် ၁၂ရက်)ထုတ်ပြန်လိုက်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF က ဇွန်လနှောင်းပိုင်းမှစတင်ကာ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီ၏ တပ်စခန်းများစွာကို သိမ်းပိုက်လာချိန် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံနှင့်ပတ်သက်၍ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက်ထုတ်ပြန်လာခြင်းဖြစ်သည်။
“အနှစ်ချုပ်ကတော့ မန္တလေးဟာ တာထွက်ကောင်းတယ်။ လွှတ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေ ပေါင်းပြီး ထွက်လာတဲ့ ကြိုးစားအားထုတ်မှုဖြစ်တယ်။ အကွဲအပြဲသိပ်များတဲ့ နိုင်ငံမှာ စည်းစည်းလုံးလုံး စတင်လာတာဟာ အခြားတိုင်းတွေနဲ့ ကွာခြားမှုဖြစ်တယ်။ မန်းဒေသကို အခြားတိုင်းတွေ ငေးကြည့်နေရတဲ့ အနေအထားဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမယ်” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုသည်။
မန္တလေးဒေသအတွက် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်ရေး လုပ်ငန်းစဉ်များသည် လက်ရှိ မပြီးဆုံးသေးသည့် ပြည်သူ့တော်လှန်ရေးကြီးအပေါ် အဆက်အစပ်နှင့် အထောက်အပံ့ဖြစ်ရေး၊ ဖက်ဒရယ်အရွေ့အသွင် ဆောင်နိုင်ရေး၊ ပါဝင်သင့်ပါဝင်ထိုက်သည့် တော်လှန်ရေးအင်အားစုများအားလုံး ပါဝင်နိုင်ရေးနှင့် ပွင့်လင်း မြင်သာမှုရှိရေးတို့ လိုအပ်သည်ဟု မိမိတို့အားလုံးက အလေးအနက် ခံယူထားကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။
အထက်ပါ ကြားကာလနိုင်ငံရေး အစီအမံတရပ် ဖော်ထုတ်နိုင်ရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများကို ၂၀၂၃ ဩဂုတ်လမှစတင်ကာ အစည်းအဝေး ခေါင်းစဉ်တရပ်အဖြစ် သတ်မှတ်၍ တိုင်ပင်၊ ဆွေးနွေး၊ ဖလှယ်ခဲ့ကြပြီး ထိုသို့ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ အကြား အချိန်တစ်နှစ်တာကာလအတွင်း ဆွေးနွေးကြရာတွင် စုံညီအစည်းအဝေး (၂၃) ကြိမ်၊ ခရိုင်အလိုက် အစည်းအဝေး (၁၀) ကြိမ်နှင့် မြေပြင်တွေ့ဆုံဆွေးနွေးမှုများလည်း ဆောင်ရွက်ကာ အကျေအလည် ညှိနှိုင်းခဲ့ကြကြောင်း အသိပေးသည်။
ထို့အပြင် မန္တလေးဒေသအတွက် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်ရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်သည့် တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများ အစွမ်းကုန် ပါဝင်နိုင်ရန်အလို့ငှါ ချိတ်ဆက်ညှိနှိုင်းရေး၊ လုပ်သင့် လုပ်ထိုက်သည့် အလုပ်များကို စနစ်တကျ ဖော်ဆောင်ရေး၊ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ကို ရေးဆွဲပြုစု ရေးတို့အတွက် ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းကာ စနစ်တကျ ဆောင်ရွက်ရန် လိုအပ်သည်ဟု အားလုံးက သဘောတူလက်ခံကြောင်း ဖော်ပြသည်။
လက်ရှိ မန္တလေးတိုင်း မြို့နယ်အချို့တွင် MDY-PDF က စစ်ရေးအောင်မြင်မှုများ ပိုမိုရရှိနေချိန် ယခုကဲ့သို့ ကြားကာလအစီအမံထွက်ရှိလာမှုနှင့်အပေါ် နိုင်ငံရေးလေ့လာစောင့်ကြည့်သူက “မန္တလေးဒေသအတွင်းမှာ နယ်မြေထိန်းချုပ်မှုတွေ ပိုမိုများပြားလာတဲ့ အချိန်မှာ ဒီနယ်မြေတွေကို စီမံဖို့၊ အာဏာလေဟာနယ်မဖြစ်ဖို့ အချိန်ကိုက် ကြိုးစားအားထုတ်မှုလို့ပဲ မြင်ပါတယ်။ ကြားကာလကိစ္စကလည်း ဆွေးနွေးလာတာ ၁နှစ်နီးပါး ရှိပြီမို့ မတော်တဆ ကွက်တိကျသွားတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်” ဟု သုံးသပ်သည်။