မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လမ်း(၈၀)နဲ့ (၃၇)လမ်းအနီးက နာမည်ကျော် ကိုယ်ပိုင် အထက်တန်းကျောင်း ကျောင်းပိုင်ရှင်နဲ့ ဆရာ၊ဆရာမတွေကို PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက စီးနင်း ဖမ်းဆီးပြီးနောက် ကျပ်သိန်းသောင်းချီတန် ကျောင်းကို ချိတ်ပိတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ ဩဂုတ်(၁၆)ရက် ညနေပိုင်းမှာ စစ်အုပ်စုနဲ့ ပျူတွေက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မြို့လည်ခေါင် လမ်း(၈၀)နဲ့ (၈၁)လမ်းကြား၊ (၃၇)လမ်းပေါ်က ကိုယ်ပိုင် အထက်တန်းကျောင်းကို ချိတ်ပိတ် သွားတာလို့ ဆိုပါတယ်။
ကိုယ်ပိုင် အထက်တန်းကျောင်း ပိုင်ရှင်ကို တော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ PDFတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက မနေ့က ညပိုင်း စီးနင်းလုယက် ဖမ်းဆီးပြီးနောက် ဒီညနေပိုင်း ကျောင်းကို ချိတ်ပိတ်တာလို့ ဆိုပါတယ်။
“ဟန်ငြိမ်းဦးစီ တယောက်ယောက်က သတင်းပေးတယ်လို့ ကြားတယ်။ တယ်လီဂရမ်တွေမှာ မတင်ဘူး။ ဝင်ဖမ်းသွားတာ “လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၂ က မန္တလေးက CDM ကျန်းမာရေးဝန်ထမ်းကို လက်နက်ပြ အနိုင်ကျင့်ကာ ထင်တိုင်းကျဲ ဖမ်းဆီးဖိနှိပ်ခဲ့ပြီးနောက် ယခုနှစ်အတွင်း CDM ပညာရေး အသိုင်းအဝိုင်းဘက် ခြေဦးလှည့်လာတာ ဖြစ်မယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မန္တလေးမြို့အနှံ့ ရပ်ကွက်တွေ၊ လမ်းတွေတိုင်းမှာ ဂိတ်ဖွင့်ပြီး အုပ်စုဖွဲ့ လက်နက်ကိုင်ကာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုဟာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ပျူ၊ စည်ပင်၊ မီးသတ်၊ ကြက်ခြေနီ စတဲ့ စစ်အုပ်စု သစ္စာခံတွေက လက်ညှိုးထိုးသူတိုင်းကို လိုက်လံဖမ်းဆီးနေပြီး စစ်လော်ဘိတွေက တယ်လီဂရမ်မှာ တင်ပြီး ဖမ်းခိုင်းသူတိုင်းကိုလည်း အနိုင်ကျင့် ဖမ်းဆီးနေတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။
စစ်အုပ်စုဟာ ယခုလ (၁၅)ရက်အတွင်း မန္တလေးမြို့ခံ လူ(၂၀)ထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ စစ်လော်ဘိတွေက အောင်ပွဲခံပါတယ်။