မန္တလေးမြို့တွင် စစ်ကောင်စီ၏ လူကြီးလမ်းကြောင်းရှိ၍ဟုဆိုကာ လမ်းမသုံးခုရှိ လမ်းဘေးစျေးသည်များအား ယာယီပိတ်သိမ်းခိုင်းထားကြောင်း ဒေသခံများက ပြောသည်။
မန္တလေးမြို့ (၆၄)လမ်းနှင့် (၆၆)လမ်းတလျှောက်ရှိ လမ်းဘေး ဝဲ၊ယာ ကွမ်းယာဆိုင်များ၊ ဓာတ်ဆီဆိုင်များနှင့် ပျံကျစျေးဆိုင်များအား မေလ ၇ ရက်နှင့် ၈ရက်တွင် လမ်းကြောင်းရှိ၍ဟုဆိုကာ ပိတ်သိမ်းထားရန် စစ်ကောင်စီဝင်များက လိုက်လံပြောဆိုခဲ့ကြောင်း Mandalay Revolution က ဖော်ပြသည်။
“လူကြီးလမ်းကြောင်းရှိတယ်လို့ ပြောတယ်။ အမိုးအကာအဖီတဲတွေပါ ဖျက်ခိုင်းတယ်။စည်ပင်တွေနဲ့ အမှိုက်တွေကိုလည်း သန့်ရှင်းရေးလုပ်နေတယ်”ဟု စျေးသည်တစ်ဦးက ပြောသည်။
အလားတူ မန္တလေးမြောက်ပြင်ဘက်၌လည်း (၇၆) လမ်းမကြီးတလျှောက်ရှိ လမ်းဘေးဈေးဆိုင်များအား ၅ရက်တိတိ မထွက်ရဟုဆိုကာ စစ်ကောင်စီက လိုက်လံဖယ်ရှားခိုင်းနေကြောင်း မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် မေလဆန်းပိုင်းကလည်း အမရပူရမြို့နယ်အတွင်း လမ်းပိုင်းအချို့၌ လူကြီးလမ်းကြောင်းရှိ၍ဆိုကာ လမ်းဘေးစျေးဆိုင်များအား ညတွင်းချင်းလိုက်လံ ဖျက်ခိုင်းခဲ့သေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ယခင်က စစ်အစိုးရကာလလိုပင် လူကြီးလမ်းကြောင်းရှိပါက လမ်းဘေးစျေးဆိုင်များအား ပိတ်သိမ်းခိုင်းခြင်း၊ ပလက်ဖောင်းများဆေးသုတ်ခြင်း၊ သစ်ပင်များအား ထုံးသုတ်ကာ လမ်းသန့်ရှင်းခြင်းများ ပြုလုပ်လေ့ရှိသည်။