မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မြောက်ပင်၊ (၇၃)လမ်းနဲ့ (၈)လမ်းအနီးက ဥပုသ်တော်ရပ်ကွက်ရုံးကို မနေ့ည (၈)နာရီဝန်းကျင်မှာ ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား No More Dictatorship People Defence Force – NMD တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
“မေ(၁၈)ရက်၊ ည(၈)နာရီခန့်တွင် အောင်မြေသာစံမြို့နယ် (၇၃)လမ်းနှင့် (၇၄)လမ်းကြား၊ (၈)လမ်းနှင့် (၉)လမ်းကြားရှိ ဥပုသ်တော်ရပ်ကွက်ရုံးအား ကျွန်တော်တို့ “No More Dictatorship People Defence Force _ NMD” အဖွဲ့မှ လျက်ဆားပုလင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါသည်။ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်အောင် ကူညီထောက်ပံ့ပေးနေသော စကစ ဒေါက်တိုင်ရုံး ဖြစ်ပါသည်” လို့ NMD အဖွဲ့က ဖော်ပြပါတယ်။
ရပ်ကွက်ရုံး ဗုံးထုခံရပြီးနောက် စစ်အုပ်စု ရောက်လာပြီး ဆဲဆို သောင်းကျန်းသွားတယ်လို့ မန္တလေးမြေပြင် ကင်းထောက်အဖွဲ့တွေက ဆိုပါတယ်။
No More Dictatorship People Defence Force – NMD တပ်ဖွဲ့ဟာ ယခုရက်ပိုင်း မန္တလေးမြို့ပေါ်က စစ်အုပ်စုကို တိုက်ခိုက်တဲ့ မြို့ပေါ်မစ်ရှင်တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
စစ်အုပ်စုနဲ့အဆက်အနွယ်အိမ်တွေကို (၂၄)နာရီ မီးပေးပြီး ပြည်သူကို တစ်နေ့တစ်နာရီသာ မီးပေးတဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက် (၇၈)လမ်းပေါ်က တံခွန်တိုင်ပင်မ ဓါတ်အားခွဲရုံး အစောင့် စစ်အုပ်စုကို မေ(၁၁)ရက် ညပိုင်းက ဗုံးထုတိုက်ခိုက်ခဲ့သလို မေ(၁၀)ရက်၊ မနက်ပိုင်းကလည်း အောင်မြေသာစံမြို့နယ်၊ (၈၆)လမ်း ရွှေတချောင်းမြောင်းဘေးက စစ်မှုထမ်းဟောင်းရုံးရှေ့မှာ ရပ်ထားတဲ့ ပြည်သူကို ဖမ်းဆီးငွေညှစ်တဲ့ မော်တော်ပီကယ်တွေ သုံးလေ့ရှိတဲ့ ကားတစ်စီးကိုလည်း ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေ(၅)ရက် ညနေပိုင်းကလည်း အမရပူရမြို့ မှန်တန်းရပ်က စစ်အုပ်စုရဲ့ မြို့နယ် လဝကရုံးကို ဗုံးထုတိုက်ခိုက်ခဲ့ရာ ဒုဉီးစီးမှူးအဆင့် အပါအဝင် စစ်အုပ်စု သစ္စာခံ Non CDM ဝန်ထမ်း သုံးယောက် ဒဏ်ရာရတယ်လို့ No More Dictatorship People Defence Force – NMD အဖွဲ့က ထုတ်ပြန်ထားပါတယ်။