မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၆၂)လမ်းနဲ့ (၄၂)လမ်းအနီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ မဟာအောငမြေမြို့နယ်ရုံး မနေ့ကညပိုင်း လူတွေ အိပ်နေချိန်မှာ ဖျက်ဆီးခံရတယ်လို့ နီးစပ်ရာ ပါတီဝင်တွေက MFP ကို ပြောပါတယ်။
မေ(၁၀)ရက် ညပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၆၁)လမ်းနှင့်(၆၂)လမ်းကြား၊ (၄၁)လမ်းနဲ့(၄၂)လမ်းကြားက NLD မြို့နယ်ရုံး ဖျက်စီးခံလိုက်ရတာလို့ ဆိုပါတယ်။
“လူထုကို ကြောက်လန့်အောင်၊ ပါတီနဲ့ မပတ်သက်ရဲအောင် ပါတီရုံးတွေကို လိုက်ဖျက်ဆီးနေတယ်လို့ မြင်ပါတယ်။ လူထုကို အကြောက်တရား သွင်းတာပေါ့” လို့ NLD ပါတီဝင်တစ်ဦးက မှတ်ချက်ပြုပါတယ်။
မေ(၈)ရက် ည(၁၀)နာရီကျော်ကလည်း မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေး ကားလမ်းဘေး၊ သိမ်ကြီးစျေးတောင်ဘက်က NLD ပါတီ ဒု-ဥက္ကဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ မိသားစုပိုင် နေအိမ် ဗုံးဖောက်ခွဲခံခဲ့ရပါတယ်။
ဒါ့အပြင် မေ(၅)ရက် ည(၉)နာရီကျော်ကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၆၂)လမ်း၊ (၃၃)လမ်းနှင့် (၃၄)လမ်းကြားက NLD ပါတီ မန္တလေးတိုင်းရုံးကို စက်ယန္တရားတွေ အသုံးပြုကာ စစ်အုပ်စုက ဖျက်ဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ ပေါ်က NLD ပါတီရုံးတွေ မကြာခဏ လုယက်ဖျက်ဆီးခံ နေရတယ်လို့ NLD ပါတီဝင်တွေက ဆိုပါတယ်။