မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေ မဖြစ်မနေ ဧည့်စာရင်းတိုင်ကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဒီနေ့မနက်ပိုင်းက လိုက်လံဆော်သြနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ဧည့်စာရင်းကိုဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နောက်ဆုံးထားတိုင်ကြဖို့နဲ့ ယခင်တိုင်ထားသူတွေလည်း သက်တမ်းတိုးကြဖို့ ဆော်သြနေတာလို့သိရပါတယ်။
စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်းမှာ အခုလို ဧည့်စာရင်းတိုင်ဖို့ လော်စပီကာနဲ့ လိုက်အော်တာမျိုး ကြုံရတာလို့ မြို့ခံတွေကဆိုပါတယ်။
မန္တလေးမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ်တွေ မှာ လိုက်လံအော်သွားတာလို့သိရပါတယ်။
မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ ဧည့်စာရင်းကို တစ်လ သို့မဟုတ် ၁၄ ရက် ပေးတယ်လို့ သိရပါတယ်။
ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းတိုင်ရင်ငွေကြေးတောင်းခံမှုရှိနေပြီး တစ်ဦးကို ကျပ် ၂,၀၀၀ ကနေ ကျပ် ၅,၀၀၀ အထိ ပေးရတာမျိုးရှိနေပါတယ်။
အခုလ ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် ၊မန္တလေး တောင်ခြေအနီးက နွယ်နီရွာကို စစ်ကောင်စီတပ် ဧည့်စာရင်းဝင်စစ်ရာ ဧည့်စာရင်းမတိုင်ထားသူတွေ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမပြနိုင်သူတွေကို ဖမ်းဆီးငွေညှစ်တာမျိုး ရှိခဲ့ပါတယ်။
ဧည့်စာရင်းမတိုင်သူတွေ ၊ အိမ်ထောင်စုစာရင်းမပြနိုင်သူတွေကို ဖမ်းဆီးစစ်ဆေးနေတာတွေရှိနေတာ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ ရက်ပိုင်းက ဝန်ခံထားပါတယ်။