ရှမ်းမြောက်နဲ့မန္တလေးတိုင်းအတွင်းကတိုက်ပွဲတွေကြောင့် မန္တလေးမြို့ပေါ် စစ်ရှောင်တွေ အများအပြားရောက်လာချိန်မှာ အိမ်ဌားခဈေးနှုန်းတွေလည်း မြင့်တက်လာနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံကသိရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ မန္တလေးမြို့ပေါ် ရပ်ကွက်တွေ အပြင် မြို့စွန် ကျေးရွာဆီပါ ရောက်ရှိလာကြတာပါ။
နေရေးထိုင်ရေးအတွက် အိမ်နဲ့ အခန်းဌားလို အားမြင့်တက်လာချိန်မှာ ဌားရမ်းခလည်း ခုန်တက်လာလို့သိရပါတယ်။
” အခုချက်ချင်း ဆင်းတာနဲ့ နောက်ကနေတက်ဖို့က အဆင်သင့်ဖြစ်နေတာ” လို့ ချမ်းမြသာစည်မြို့နယ်က အိမ်ဌားအကျိုးဆောင်အမျိုးသမီးက ပြောပါတယ်။
အိမ်ဌားရမ်းခဟာ အရင်က ဈေးထက် ကျပ် ၁ သိန်းကျော်လောက် မြင့်တက်သွားတယ်လို့ အဲဒီအကျိုးဆောင်အမျိုးသမီးက ပြောပြပါတယ်။
ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ထရံကာ နေအိမ် ခြံဝန်းပါရင် တစ်လ ကျပ်လေးသိန်းခန့် ရှိလာသလို ၅ လွှာ အမြင့် တိုက်ခန်းကလည်း တစ်လကို ကျပ် ၃သိန်းအထိ ဌားရမ်းခတွေမြင့်တက်နေပါတယ်။
မန္တလေး မြို့မှာ အိမ်ဌားရတာ လွယ်ကူတဲ့ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာအိမ်ရာမှာတင် ငှားရမ်းသူများပြားလို့ မြေညီထပ်ကလွဲရင် အခန်းလွတ်တွေမရှိတော့ဘူးလို့သိရပါတယ်။
” တချို့ဆို တစ်နယ်သားချင်းဆိုတော့ မိသားစု၂စုပေါင်းပြီးငှားနေကြတာတွေရှိတယ်” လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။
မန္တလေးမြို့ပေါ်ကို ရှမ်းမြောက်က လာရှိုး ၊သီပေါ၊ကျောက်မဲ ၊နောင်ချို တို့အပြင် မန္တလေးတိုင်းထဲက မိုးကုတ် ၊သပိတ်ကျင်း ၊စဉ့်ကူး ၊မတ္တရာမြို့နယ်တွေက ပြည်သူတွေပါ စစ်ဘေးရှောင်နေကြတာပါ။