မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေ ဧည့်စာရင်းတိုင်ကြဖို့ သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေက ဒီနေ့မနက်ပိုင်းမှာ လော်စပီကာ နဲ့ လိုက်လံကြေညာတာတွေရှိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
နန်းတွင်းထဲမှာအခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ ဒီနေ့မနက်အစောပိုင်းမှာ ပစ်ခတ်ခံရတဲ့ သတင်းထွက်လာပြီးနောက်မှာအခုလို ကြေညာလာတာလို့ သိရပါတယ်။
“ဒီနေ့ ဧည့်စာရင်းလာတိုင်ဖို့၊ မတိုင်ရင် မိမိတာဝန်သာဖြစ်တယ် ၊ လော်နဲ့အကြာကြီးအော်သွားတာ” လို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
ယခင်ကတော့ ဧည့်စာရင်းတိုင်ဖို့ လော်စပီကာနဲ့လိုက်လံကြေညာတာမျိုးမရှိဘဲ ရာအိမ်မှူး ၊ဆယ်အိမ်မှူးတွေကတဆင့် အသိပေးတာမျိုးပဲရှိခဲ့တယ်လို့မြို့ခံတွေဆီကသိရပါတယ်။
” မတိုင်ရင်ဖမ်းမယ်ဆိုတဲ့သဘောပေါ့”လို့ ချမ်းမြသာစည်မြို့နယ်မှာနေထိုင်သူတစ်ဦးကဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဧည့်စာရင်း စစ်တာကိုပြန်လည်အသက်သွင်းခဲ့ပါတယ်။ ဧည့်စာရင်းတိုင်သူတွေကိုစစ်ကောင်စီလက်အောက်ခံ ရပ်ကွက်ရုံးတွေက ငွေကြေး ကောက်ခံတာတွေရှိနေပါတယ်။
ဒီနေ့မနက်ပိုင်း ၂ နာရီခွဲခန့်မှာ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ မန္တလေးအခြေစိုက်တော်လှန်ရေးအဖွဲ့ ဖြစ်တဲ့ No More Dictatorship People Defence Force- NMD က ကြေညာချက်ထုတ်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရတာမရှိဘူးလို့ငြင်းဆိုထားတာတွေ့ရပါတယ်။