မန္တလေးမြို့မှာ ယခု အောက်တိုဘာ ဒုတိယပတ် ခုနှစ်ရက်အတွင်း အမျိုးသမီးတွေ အပါအဝင် မြို့ခံပြည်သူ (၁၀)ဦး ထက်မနည်း စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
မန္တလေးမြို့ခံ တချို့ကို ဖမ်းဆီးထားကြောင်း စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်သလို သတင်းမဖြန့်ဘဲ ဖမ်းဆီး ခံရသူတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ယခုတစ်ပတ်အတွင်း စစ်အုပ်စုရဲ့ ဖမ်းဆီးခံရသူတွေထဲက တစ်ဝက်လောက်ဟာ စစ်လော်ဘီတွေက တယ်လီဂရမ် ချန်နယ်မှာ တင်ပြီး ဖမ်းခိုင်းလို့ အဖမ်းခံရတာ ဖြစ်ပြီး အဲ့ဒီအထဲက လူငယ်တစ်ဦးကို PDF အဖွဲ့ဝင်ဟောင်း ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားကာ ဒီနေ့အထိ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
“ပါသွားတဲ့ နေ့ကတည်းက အဆက်အသွယ်မရတာ ဒီနေ့အထိပဲ။ ထောင် မရောက်သေးဘူး ထင်တယ်။ သူက PDF မဟုတ်ပါဘူး။ တခုခု ခြေလွန်လက်လွန် ဖြစ်သွားပြီလားလို့ စိုးရိမ်နေတာပေါ့” လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်လော်ဘီတွေက ခိုင်းစေလို့ စစ်အုပ်စုက လိုက်ဖမ်းသူတွေကို ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်စတဲ့ လူမှုကွန်ယက်မှာ သတင်းအမှားဖြန့်ဝေမှု၊ PDF အားပေးမှုတွေနဲ့ စွပ်စွဲဖမ်းဆီးတာလို့ နီးစပ်သူတွေက ပြောပါတယ်။
အောက်တိုဘာ(၁၅)ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က အလုပ်ရုံတစ်ခုကို စစ်အုပ်စုက အရပ်ဝတ်တွေနဲ့ အကြမ်းဖက် စီးနင်းပြီး ပြည်သူ ငါးဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့က စစ်အုပ်စု စခန်းနဲ့ ဂိတ်တဲတွေရှေ့မှာ စစ်အုပ်စုတချို့ အသတ်ခံရပြီးနောက် စစ်အုပ်စုက အခုလို မြို့ခံတွေကို ရန်ပြု ဖမ်းဆီးနေတာ ဖြစ်ပြီး ယခင်ကလည်း စစ်အုပ်စုတွေ တိုက်ခိုက်ခံရတိုင်း ပြည်သူကို ရန်ပြု ဖမ်းဆီးတာတွေ လုပ်လေ့ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မန္တလေးမြို့က စစ်အုပ်စု လက်နက်ကိုင် ရဲ၊စစ်သားနဲ့ ပျူတွေဟာ အုပ်စုဖွဲ့ပြီး ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲတာ၊ ဖမ်းဆီးငွေညှစ်တာ၊ ပစ်ခတ် သတ်ဖြတ်တာတွေ လုပ်နေသလို စစ်လော်ဘီတွေ ခိုင်းစေချက် အရလည်း လိုက်လံ ဖမ်းဆီးတာတွေ လုပ်နေပါတယ်။
စစ်အုပ်စုက ဖေ့စ်ဘွတ်ခ် အပါအဝင် လူမှုကွန်ယက်မှာ မှတ်ချက်ရေးသူနဲ့ သတင်း အကြောင်းအရာတချို့ ပြန်လည် မျှဝေသူတွေကို ပစ်မှတ်ထားကာ အနိုင်ကျင့် ဖမ်းဆီးနေတာမို့ သတိထားကြဖို့ ပြည်သူ အချင်းချင်း တိုက်တွန်းထားပါတယ်။