မန္တလေးမြို့မှာ ဇွန်(၂၈)ရက်ကနေ ဒီကနေ့အထိ ခြောက်ရက်အတွင်း ပိုင်ရှင်မဲ့ အမျိုးသား အလောင်း ငါးလောင်း တွေ့ရှိပြီး အလောင်းတချို့ကို သွေးသောက်လည်ဆွဲတပ်ကာ သတ်ဖြတ်စွန့်ပစ်ထားတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇွန်(၂၈)ရက်က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ ရွာရှည်လမ်းဘေးမှာ သေဆုံးနေတဲ့ အသက်(၄၀)ဝန်းကျင် ပိုင်ရှင်မဲ့ အမျိုးသား အလောင်းတစ်လောင်း၊ ဇွန်(၃၀)ရက်က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းအနီး၊ ကပ်ကျော်ဘုရားသွားလမ်းပေါ်မှာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေပြီး သွေးသောက်အဖွဲ့ လည်ဆွဲတပ်ထားတဲ့ အသက်(၃၀)ဝန်းကျင် အမျိုးသားအလောင်း နှစ်လောင်း၊ ဇူလိုင်(၂)ရက်က ပုသိမ်ကြီးမြို့နယ်၊ နဂဲကျေးရွာအနီး၊ အုန်းချော – ရွှေစာရံလမ်းပေါ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်းနဲ့ ဒီမနက်ပိုင်း မန္တလေးမြို့ စိန်ပန်းရပ်၊ (၉၁)လမ်းနဲ့ လမ်း(၄၀)၊ ဝါဆိုကျောင်းရှေ့မှာ ဒဏ်ရာမရှိဘဲ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိတာလို့ အလောင်းတွေကို ဆေးရုံပို့ခဲ့တဲ့ လူမှုကူညီရေးအသင်းတွေက ဖော်ပြပါတယ်။
အထက်ပါ တွေ့ရှိတဲ့ ပိုင်ရှင်မဲ့အလောင်းတွေအနက် မန္တလေးမြို့၊ စိန်ပန်းရပ်၊ ဝါဆိုကျောင်းအနီးမှာ တွေ့ရှိတဲ့ အလောင်းဟာ အိမ်ခြေယာမဲ့ ဖြစ်နိုင်တဲ့ ကျန်အလောင်းတွေက သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ ရှမ်းကလေးကျွန်းအနီး၊ ကပ်ကျော်ဘုရားသွားတဲ့လမ်းပေါ် တွေ့ရတဲ့အလောင်းနှစ်လောင်းမှာ သွေးသောက်လည်ဆွဲတွေ ချိတ်ဆွဲထားတဲ့အတွက် စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ် စွန့်ပစ်တာ ဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ MFP အနေနဲ့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။
မန္တလေးမြို့ပေါ် အပါအဝင် မန္တလေးတိုင်းထဲမှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ လူသတ်၊ လုယက်၊ မီးရှို့တဲ့ ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်တဲ့ ပျူတွေ၊ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတိုင်း စစ်အုပ်စုက လက်နက်မဲ့ ဒေသခံပြည်သူတွေနဲ့ NLD ပါတီဝင်တွေကို ဖမ်းဆီးကာ ပြန်လည် သတ်ဖြတ်ပြပြီး သွေးသောက်လည်ဆွဲတပ်ကာ အလောင်းတွေ စွန့်ပစ်ထားလေ့ ရှိပါတယ်။
မန္တလေးမြို့ ကန်တော်ကြီးအနီး၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်က စစ်အုပ်စု သစ္စာခံ ရပ်ကွက်ရာအိမ်မှူး သားအဖ ပစ်ခတ်ခံရကာ ရာအိမ်မှူး သေပြီးနောက် ရက်ပိုင်းအကြာမှာပဲ မန္တလေး ကန်တော်ကြီးနဲ့ ရှမ်းကလေးကျွန်းအနီးမှာ သွေသောက်လည်ဆွဲ တပ်ပြီး သတ်ဖြတ် စွန့်ပစ်ထားတဲ့ လူငယ်နှစ်ဦးရဲ့ အလောင်းတွေ တွေ့ရတာ ဖြစ်ပါတယ်။
မန္တလေးမှာ စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ်နေသလို စစ်အုပ်စုက ကျူးလွန်တဲ့ လူသတ်၊ လုယက်၊ အကြမ်းဖက်မှုတွေမှာ ပူးပေါင်းပါဝင်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူတွေကိုလည်း မြို့ပြပြောက်ကျား အဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။