မန္တလေးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီ က ဧည့်စာရင်း စစ်တာကို နေ့စဉ်နီးပါး ပြုလုပ်လာတယ်လို့သိရပါတယ်။
ဧည့်စာရင်းစစ်တာကို ညဦးပိုင်းနဲ့ အာရုဏ်တက်ခါနီး အချိန်တွေမှာ ကြုံတွေ့ရတယ်လို့ မြို့ခံအချို့ပြောပြပါတယ်။
သန်းခေါင်စာရင်းမရှိသူတွေ ၊ ဧည့်စာရင်းမတိုင်ကြသူတွေ နဲ့ မှတ်ပုံတင်မရှိသူတွေကို အဓိက ပစ်မှတ်ထားစစ်ဆေးတာလို့လည်းသိရပါတယ်။
ဒီလို စစ်ဆေးရာမှာ ဧည့်စာရင်းမတိုင်ထားသူတွေကိုဖမ်းခေါ်ပြီး ငွေညှစ်တာလည်း မန္တလေးမြို့ခံ ပြည်သူတွေကြုံတွေ့နေရပါတယ်။
ဧည့်စာရင်းမတိုင်သူတွေထဲက မှတ်ပုံတင်ရှိသူတွေကိုတော့လူကိုမခေါ်တော့ဘဲ မှတ်ပုံတင် သိမ်းသွားပြီး နောက်ရက်မှာ ရပ်ကွက်ရုံးဆီ လာရွေးခိုင်းတာမျိုးရှိတယ်လို့သိရပါတယ်။
” နောက်နေ့လာရွေးခိုင်းတာ ၈သောင်းပေးခဲ့ရတယ်”လို့ ချမ်းမြသာစည်မြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ပုသိမ်ကြီးမြို့နယ်ထဲက မန္တလေး − မတ္တရာ ကားလမ်းဘေးမှာရှိတဲ့ နွယ်နီရွာကို စစ်တပ်၊ရဲနဲ့ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းပေါင်းပြီး ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက ဧည့်စာရင်း ဝင်စစ်ရာမှာ ဒေသခံ ပြည်သူ ၁၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။
နွယ်နီရွာမှာ မတ္တရာဘက်ခြမ်းတိုက်ပွဲဖြစ်လို့ လာရောက်တိမ်းရှောင်ရသူ စစ်ရှောင်ပြည်သူတွေရှိပါတယ်။
” ဧည့်စာရင်းက မှတ်ပုံတင်ပြတိုင်ရတာလေ ၊တိုက်ပွဲဖြစ်တော့ ဘာမှမယူနိုင်တော့ တော်တော်များများ ဖမ်းခံရတာ “လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖမ်းခံရသူထဲက အချို့ဟာ ကျပ် ၂ သိန်းနီးပါးအထိ ဒဏ်ငွေဆောင်ပြီး လွတ်မြောက်လာသူတွေရှိသလို အချို့ကို မန္တလေးတောင်ခြေအရှေ့ဘက်က တပ်ဝင်းထဲမှာ ဆက်လက်ဖမ်းဆီးထားဆဲလို့သိရပါတယ်။
မန္တလေးမြို့မှာ ရှမ်းမြောက်ဒေသ ၊ မိုးကုတ်နဲ့ မတ္တရာဘက်ခြမ်းက စစ်ရှောင်လာကြသူတွေရှိနေကြပါတယ်။