မန္တလေးမြို့အတွင်း မြို့ပြစစ်ဆင်ရေးများ ပိုမိုလုပ်ဆောင် နိုင်ရန်ရည်ရွယ်၍ ရန်ပုံငွေရှာဖွေသည့် ရွှေတောင်ပံ၏ ကျပ်သိန်း ၅၀၀ကမ်ပိန်းတွင် ပါဝင်ပေးကြရန် အောင်စည်တော်စစ်ဆင်ရေး (မန္တလေး)၏ တာဝန်ရှိသူက တောင်းဆိုလိုက်သည်။
“ကျွန်တော်တို့ ရွှေတောင်ပံစစ်ဆင်ရေးအနေနဲ့ ဒုတိယအကြိမ်မြို့ကို ဝင်လာတာပါ။ကမ်ပိန်းပြည့်တာနဲ့ အလုပ်တွေ ဆက်တိုက်မြင်ရကြားရပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်အထိ ကမ်ပိန်းကာလ နှစ်ပတ်ကြာမြင့်ပြီဖြစ်သော်လည်း သတ်မှတ်ထားသည့် ငွေပမာဏ၏ ၁၂ ရာခိုင်နှုန်းသာရရှိထားသောကြောင့် ပြည်သူများပါဝင်ပေးရန် နှိုးဆော်ထားသည်။
“ကျွန်တော်တို့ ဒီကမ်ပိန်းကို ပြုလုပ်ရသည့်အကြောင်းမှာ တော်လှန်ရေးကာလ ၂ နှစ်ကျော်လာသည့်အလျောက် မြို့ပြပျောက်ကြားရဲဘော်များ၏ တိုးတက်လာမှု၊အမှားများအပေါ်သင်ခန်းစာယူလာမှုများနှင့် မြို့ပြအတွင်းပိုမို ထိထိရောက်ရောက်လှုပ်ရှားလာနိုင်စေရန် ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ယခု ကမ်ပိန်းမှ ထောက်ပို့ငွေ ၇၀ရာခိုင်နှုန်းနှင့်အထက် မရရှိခဲ့ပါက အရင်အတိုင်း ပစ်ပြေးရင်း ဒလန်ရှင်းရင်းနှင့်ပင် မန္တလေးမြို့၏ တော်လှန်ရေးမှာ ထိထိရောက်ရောက်တိုးတက်လာမှုမရှိဘဲ တော်လှန်ရဲဘော်များသာ ဆုံးရှုံးနေရလိမ့်မည်ဟု တွက်ချက်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
အောင်စည်တော်စစ်ဆင်ရေး(မန္တလေး)အနေဖြင့် မန္တလေးမြို့၌ စစ်ဆင်ရေး ၂၀ကျော်ပြုလုပ်ထားသည်။
ယခုနောက်ပိုင်းတွင် စစ်ဆင်ရေးများပြုလုပ်ရန် အဓိကအခက်အခဲသည် ဘဏ္ဍာရေးဖြစ်သောကြောင့် ယင်းကမ်ပိန်းကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အထက်ပါဝာာဝန်ရှိသူကပြောသည်။
“ဘဏ္ဍာရေးလည်းပါသလို ပြည်သူတွေရဲ့ မကြောက်တရားနဲ့ပူးပေါင်းမှုလည်း အများကြီး လိုအပ်နေခဲ့ပါတယ်။မြို့ပြပျောက်ကျား စစ်ဆင်ရေးကို အရင်ထက်အရှိန်အဟုန်မြှင့်တင်ဖို့ကျနော်တို့တွေ ကြိုးစားထားကြတယ်ဗျ။ပြည်သူတွေ ပူးပေါင်းပါ။ စစ်ဖိနပ်အောက်မှာ ဖိနှိပ်ခံရင်း မသာယာနေကြဖို့ ပြင်ဆင်ကြပါ လို့ ပြောချင်ပါတယ်။” ၎င်းက တိုက်တွန်းသည်။