မန္တလေးမြို့တွင်း လမ်းတွေပေါ် အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုဟာ ယခင်က နေ့ခင်းပိုင်းတွေသာ လုပ်ဆောင်ရာက ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြီး ည(၁၀)နာရီကျော်အထိ ဖမ်းဆီးငွေညှစ်နေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ညဘက် အပြင်ထွက်သွားလာတဲ့ လူငယ်တွေကို အဓိက ပစ်မှတ်ထားကာ လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတာ ဖြစ်နိုင်ပြီး ယခုရက်ပိုင်း မန္တလေးမြို့တွင်း နေရာအနှံ့နဲ့ လူငယ်အများစု သွားလာလေ့ရှိတဲ့ မန္တလေး တက္ကသိုလ်ဘက်က လမ်းမတွေမှာ ည(၁၀)နာရီကျော်အထိ အရပ်ဝတ်တွေနဲ့ လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတာ၊ ဖမ်းဆီး ရိုက်နှက်နေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အဆိုးဆုံးက မြို့သစ်ဘက်တွေ အဆိုးဆုံးပဲ။ ခေါ်ပြီး ရိုက်ချင်ရင် ရိုက်နေတာ။ အဲ့ကောင်တွေ (စစ်အုပ်စု)က အမြဲ မူးရူးနေတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ယခုရက်ပိုင်း မန္တလေးမြို့က အဓိက လမ်းမကြီးတွေမှာလည်း အရပ်ဝတ်တွေနဲ့ ဖမ်းဆီးနေပြီး ပိုက်ဆံ တောင်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“တခါမှ မဖမ်းဘူးတဲ့ (၇၈)လမ်းတွေ၊ (၇၃)လမ်းတွေတောင် ဖမ်းနေပြီ။ ညပြန်ရင် ဒီကောင်တွေ ကြောက်နေရတာပဲ။ ဘာမှ မဟုတ်ရင်တောင် (၅၀၀၀)၊ (၁၀၀၀၀) ပေးနေရတယ်”လို့ လူငယ်တစ်ဦးက ဆိုပါတယ်။
အဲ့ဒီလို မန္တလေးမြို့အနှံ့ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုဟာ ရိုက်နှက်ညှဉ်းပန်းတာ၊ ငွေညှစ်တာ သာမက ပစ်ခတ် သတ်ဖြတ်တာတွေပါ ကျူးလွန်နေပြီး အသာတကြည် အစစ်အဆေး မခံလို့ သတ်တယ်ဆိုတဲ့ သဘောမျိုးနဲ့ သောင်းကျန်းနေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်(၁၉)ရက် ညပိုင်းကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်က လူငယ်နှစ်ဦး ဆိုင်ကယ်စီး သွားလာနေချိန် စစ်အုပ်စုက သေနတ်နဲ့ ပစ်သတ်လို့ တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာ ရခဲ့ပါသေးတယ်။ အဲ့ဒီ လူငယ်နှစ်ဦးကို ဆိုင်ကယ်မရပ်လို့ ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
မြို့ခံပြည်သူတွေ အနေနဲ့ အသက်မသေချင်ရင် စစ်အုပ်စုက တားတဲ့အခါ ရပ်ပေးဖို့နဲ့ မရပ်လို့ အပစ်ခံရရင် သူတို့မှာ တာဝန်မရှိဘူးလို့ စစ်လော်ဘီတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု၊ ရဲ၊ စည်ပင်၊ မီးသတ်နဲ့ ပျူတွေ ပူးပေါင်းကာ အုပ်စုဖွဲ့ လက်နက်ကိုင်ကာ မန္တလေးမြို့အနှံ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးတာမျိုး မဟုတ်ဘဲ လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်တဲ့ သဘောမျိုးတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။