မန္တလေးမြို့မှာ မနေ့ကည (၁၀)နာရီကျော်အချိန် (၃၅)လမ်းနဲ့ (၅၉)လမ်းအနီးက စစ်အုပ်စု ဂိတ်စောင့်နေတဲ့ မဟာအောင်မြေမြို့နယ် ရဲမွန်တောင် ရပ်ကွက်ရုံးရှေ့ ဆိုင်ကယ်နဲ့ ဖြတ်သန်း သွားလာမိတဲ့ လူငယ်တစ်ဦး စစ်အုပ်စုရဲ့ အကြောင်းမဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သတင်းရရှိပါတယ်။
“ယမန်နေ့ ည(၁၀)နာရီကျော်လောက်က မူဆယ်မြိုမှ (၁၀)တန်းအောင်၍ မန္တလေးရှိ အမျိုးတွေဆီသို့ အလည်လာတဲ့ လူငယ်တစ်ဦးအား (၃၅)လမ်း၊ (၅၈)လမ်းနဲ့ (၅၉)လမ်းကြား၌ တပ်စွဲထားသော စခများမှ သူတို့ အရှေ့ကနေ ဆိုင်ကယ်ဖြင့် ဖြတ်မောင်းသွားချိန် ပစ်သတ်လိုက်တယ်လို့ သိရ။ အခုချိန်ထိ အလောင်းအား ဆေရုံမှ ပြန်ယူခွင့် မပေးဟုလည်း သိရ” လို့ မန္တလေးမြေပြင်ကင်းထောက် Patheingyi Reporter က ဖော်ပြပါတယ်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မြို့ရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ (၃၅)လမ်းပေါ်က ရဲမွန်တောင်ရပ်ကွက်ရုံးမှာ ဂိတ်စောင့်ရင်း နေ့ခင်းဘက် ပြည်သူကို ဖမ်းဆီးငွေညှစ်ပြီး ညဘက်မှာ မူးရူးသောက်စားနေတဲ့ စစ်အုပ်စုက (၃၅)လမ်းအတိုင်း ဆိုင်ကယ်စီး သွားလာတဲ့ လူငယ်ကို ပစ်သတ်လိုက်တာလို့ နီးစပ်သူတချို့က လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
“ပြည်သူက အေးဆေး ဖြတ်သွားတာပါ။ ရဲတွေက မူးနေရင်း ကျည်စမ်းပစ်တာတဲ့” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ (၃၅)လမ်းအတိုင်း ဆိုင်ကယ်စီးလာတဲ့ လူငယ်လေးဦးက ရပ်ကွက်ရုံအစောင့် စစ်အုပ်စုကို အော်ဟစ်ဆဲဆိုသွားလို့ လိုက်လံပစ်ခတ်ခဲ့ရာမှာ လူငယ်တစ်ဦး သေနတ်မှန် ဒဏ်ရာရတာလို့ သတင်းဖြန့်ပါတယ်။
မနေ့ည (၁၂)နာရီဝန်းကျင်အချိန် မန္တလေးမြို့ (၃၅)လမ်းပေါ်က မဟာအောင်မြေမြို့နယ်၊ ရဲမွန် တောင်ရပ်ကွက်၊ (၃၅)လမ်းနဲ့ (၅၉)လမ်းထောင့်က ရဲမွန်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှာ စစ်အုပ်စု နှစ်ယောက် ဂိတ်စောင့်နေချိန် (၃၅)လမ်းအတိုင်း အနောက်ကနေ အရှေ့ဘက် မောင်းနှင်လာတဲ့ ဆိုင်ကယ်နှစ်စီးပေါ်က လူငယ်လေးဦးက အော်ဟစ်ဆဲဆိုသွားလို့ (MA-3) သေနတ်နဲ့ နှစ်ချက် ခြောက်လှန့် ပစ်ခတ်ခဲ့ရာမှာ ဆိုင်ကယ်ပေါ်က လူတစ်ဦး ကျည်ထိတာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
သေနတ်မှန် ဒဏ်ရာရသူ စိုင်းခန့်ကျော် (၁၈-နှစ်)ဖြစ်ပြီး လက်ဖျံနဲ့ ဝမ်းဗိုက်မှာ ကျည်နှစ်ချက်ထိမှန်ပြီး ဆေးရုံပို့ထားကာ အသေသေးဘူးလို့လည်း စစ်အုပ်စုက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုက ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့ကာ ဂိတ်ဖွင့်ထားပြီး လမ်းသွားလမ်းလာတွေကို ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ်တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ စစ်အုပ်စုက ပစ်သတ်လို့ လမ်းသွားလမ်းလာ (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။