မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်မှာ ကလေးကျောင်းပို့ပြီးပြန်လာတဲ့အမျိုးသားကိုသတ်ပြီး ဆိုင်ကယ်လုယက်သွားသူ ၄ ဦးကို ဖမ်းမိပြီလို့ စစ်ကောင်စီကသတင်းထုတ်လာပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ မွန်းလွဲပိုင်း ၁ နာရီခန့် ကချမ်းအေးသာစံမြို့နယ် ၊ကံကောက်ရပ်ကွက် ၂၈ လမ်း နဲ့ ၂၉ လမ်းကြား ၊ ၅၃ လမ်းမှာ လူသတ်ပြီး ဆိုက်ကယ်လုယက်မှုဖြစ်ပွားခဲ့တာပါ။
လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ အခင်းဖြစ်စဉ် CCTV မှတ်တမ်းအရ ဆိုင်ကယ်စီးအမျိုးသားကို ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ဦးက ရှေ့ကနေ တားပြီး ဓားနဲ့ထိုးတာ ၊ ခုတ်တာတွေကိုတွေ့ရပါတယ်။
ဓားဒဏ်ရာတွေနဲ့ အခင်းဖြစ်တဲ့နေရာမှာ ပဲသေဆုံးသွားတဲ့အမျိုးသားဟာ မဟာအောင်မြေမြို့နယ် ၊ မဟာမြိုင်ရပ်ကွက်မှာနေထိုင်တဲ့ ကလေး ၂ ဦး ဖခင် အသက် ၄၉ နှစ်အရွယ်အမျိုးသားဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
” ဖြစ်စဉ် ကCCTV တက်လာတော့ လူတွေဝေဖန်တာများလာလို့ လပခ ( စစ်ကောင်စီအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) က ဖမ်းခိုင်းတဲ့သဘောပါ” လို့ မန္တလေး စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူ တစ်ဦးက ပြောပြပါတယ်။
လုယက်သတ်ဖြတ်သွားသူတွေကို ၃၅ နာရီအတွင်း ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။
စစ်ကောင်စီက ဖမ်းမိထားသူ ၄ ဦးဟာ အသက် ၁၇ နှစ်အရွယ် ၂ ဦး ၊ အသက် ၁၈ နှစ်အရွယ် ၁ဦးနဲ့ အသက် ၂၂ နှစ် ၁ ဦးတို့ဖြစ်ပါတယ်။