မန္တလေးမြို့၊ စျေးချိုတွင် ဘေးတွဲ ဆိုင်ကယ်မောင်းသည့် လူငယ် ၁ ဦးကို စည်ပင်ဝန်ထမ်းများက ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကြောင်း စျေးအနီးဝန်းကျင်မှ ပြည်သူများက သတင်းပေးပို့ခဲ့ပါသည်။
အောက်တိုဘာလ ၁၄ ရက်နေ့တွင် စျေးချို အနောက်ဘက် ၂၉ လမ်းပေါ်၌ ကုန်တင် ကုန်ချလုပ်နေသော ဘေးတွဲ ဆိုင်ကယ်မောင်းသည့် လူငယ် ၁ ဦးကို လှဖုန်းမြင့် ဦးဆောင်သော စည်ပင်အဖွဲ့က ဝိုင်းဝန်း ရိုက်နှက်ပြီးနောက် ဝိုင်းချုပ်ကာ စည်ပင်ရုံးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
” ဘေးတွဲနဲ့ ကုန်တင်ကုန်ချနေတဲ့ ကောင်လေးကို စျေးချို အနောက်ဘက်က ၂၉ လမ်းပေါ်မှာ ဘေးတွဲရပ်ပြီး ကုန်မချနဲ့ လို့ပြောပြီး စည်ပင်ဝန်ထမ်းတွေက အတင်းမောင်းထုတ်ပြီး ကောင်လေးကို ဝိုင်းရိုက်ကျတယ်။
ဝိုင်းရိုက်ပြီးတော့ ကောင်လေးကို စည်ပင်ရုံးထဲ ဖမ်းသွားကျပြီး ထပ်ပြီး ဝိုင်းရိုက်နှက်တာ ရုံးထဲမှာပဲ ကောင်လေး သေသွားတယ်လို့သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
စျေးချို စည်ပင်ရုံးသည် ၂၇ လမ်း၊ ၈၅ ၈၆ ကြား မန္တလေး မြန်မာပလာဇာ အနောက်ဘက်တွင်ရှိပြီး သေဆုံးသွားသော ကောင်လေး၏ ရုပ်အလောင်းကို စည်ပင်ဝန်ထမ်းများက ရဲဘက်ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။